ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Sunday, November 16, 2008

“သရဏဂုံ”

ပါဠိလို သရဏဂမန။ မြန်မာလို သရဏဂုံ။ အဓိပ္ပါယ်က ကိုးကွယ်ဆည်းကပ်ခြင်း။ 
ရတနာမြတ်သုံးပါးအပေါ် လေးလေးနက်နက် ဥာဏ်နဲ့သက်ဝင်ပြီး ယုံကြည် မြတ်နှိုး 
ကိုးကွယ် ဆည်းကပ်တဲ့ သဒ္ဒါပညာ ရှေ့သွားရှိတဲ့ ကုသိုလ်စိတ်ကို သရဏဂုံ ခေါ်ပါတယ်။

ရတနာမြတ်သုံးပါးကို သရဏဂုံသုံးပါးလို့ ခေါ်နေကြတယ်။ မဟုတ်ပါဘူး။ 
ရတနာမြတ်သုံးပါးဟာ ကိုးကွယ်ဆည်းကပ် သူတို့ရဲ့ ကြောက်ရွံမှု ထိတ်လန့်မှု ကိုယ်စိတ်ဆင်းရဲ့မှုတို့ကို ဖျက်ဆီးပေးတက်တယ် ကာကွယ်ပေးတက် ဖယ်ရှားပေးတက်လို့ သရဏလို့ခေါ်ပါတယ်။ 

ဘုရားရှင်က ကိုးကွယ်ဆည်းကပ်သူတို့အတွက် ကောင်းကျိုးရစေပြီး ဆိုးကျိုးတို့ကို ကာကွယ်တားဆီး 
ပေးတက်လို့ သရဏအမည်ရတယ်။ တရားတော်က ကိုးကွယ်ဆည်းကပ်သူတို့ကို အို နာ သေ ဆိုတဲ့ 
ဘ၀ခရီးမှ လွန်မြောက်စေနိုင်ခြင်း၊ ကိုယ်စိတ်နှစ်ပါး သက်သာမှုကို ပေးစွမ်းနိုင်ခြင်းကြောင့် သရဏ 
အမည်ရတယ်။ သံဃာတော်က ကိုးကွယ်ဆည်းကပ်သူတို့ နည်းနည်းပါးပါးပြုတဲ့ ဒါနကို ကြီးကြီးမားမား 
အကျိုးကိုပေးစွမ်းနိုင်လို့ သရဏ အမည်ရတယ်။ 

ရတနာသုံးပါးအပေါ် လေးလေးနက်နက် ယုံကြည်ခြင်း၊ ကြည်ညိုလေးစားခြင်း၊ ကိုးကွယ်ဆည်းကပ်ခြင်းရှိတဲ့  
သူတွေဟာ သရဏဂုံတည်တဲ့သူပဲ။ 

သရဏဂုံ တည်သူဟာ ရတနာမြတ်သုံးပါး  ဂုဏ်ကျေးဇူးကို မသိတက်ရင်၊ ရတနာသုံးပါးအပေါ် သံသယ၀င်ခဲ့ရင် 
အတွေးမှား၊ အသိမှားနေရင် သရဏဂုံ ညိုးနွမ်းတယ်၊ ညစ်နွမ်းတယ်။ 

အယူဝါဒပြောင်းရင် သရဏဂုံ ပျက်တယ်။ သေဆုံးတဲ့အခါမှာလဲ သရဏဂုံပျက်တယ်။ ဒါကြောင့် ဗုဒ္ဒဘာသာဝင်တွေ သေဆုံးတဲ့အခါ သရဏဂုံပျက်သွားလို့ သရဏဂုံပြန်တင်တဲ့ အစဉ်အလာဖြစ်နေပါတယ်။ 
အလောင်းကောင်ကြီးတင်တာတော့ မဟုတ်ဘူး။ ဒီအနီးနားမှာ တစ္ဆေစတဲ့ ဘ၀မျိုးမှာ ဖြစ်နေခဲ့ရင် သရဏဂုံ 
ပြန်တည်ပါစေဆိုတဲ့ အနေနဲ့ သရဏဂုံတင်ပေးရပါတယ်။ 
 
ဗုဒ္ဒဘာသာဝင်တွေ နတ်ကိုးကွယ်ကြတာလဲ ရှိပါတယ်။ ရတနာသုံးပါးထက် နတ်ကို ပိုအလေးထားရင်လည်း
သရဏဂုံပျက်တယ်။ သာမန်ကိုးကွယ်နေရင် သရဏဂုံ မပျက်ပေမဲ့ ညစ်နွမ်းမှာတော့ သေချာတယ်။

မိမိကိုယ်ကို ရတနာသုံးပါးပိုင် အပ်နှင်းပြီးကိုးကွယ် ဆည်းကပ်ရတဲ့ သရဏဂုံ။ ရတနာသုံးပါးသာ ကိုးကွယ်၊ 
လဲလျောင်း၊ ပုန်းအောင်း၊ မှီခိုရာ အနေနဲ့ ကိုးကွယ်ဆည်းကပ်တဲ့ သရဏဂုံ၊ ရတနာသုံးပါး၏ အနီးနေ တပည့် 
ရင်းခြာအနေနဲ့ ကိုးကွယ်ဆည်းကပ်တဲ့ သရဏဂုံ၊ ရတနာသုံးပါးသာ လက်အုပ်ချီမိုးရှိခိုးခြင်း၊ အရိုသေပြုခြင်း၊ 
ခရီးဦးကြိုဆိုခြင်း ပြုပါမည်ဟု အလေးအမြတ် ကိုးကွယ် ဆည်းကပ်တဲ့ သရဏဂုံရယ်လို့ လေမျိုးရှိပါတယ်။ 
(ဗဟုသုတအနေဖြင့် ဓမ္မပိရဆရာတော်၏ ဟောကြားချက်များကို ဖော်ပြပေးလိုက်ပါတယ်)


No comments: