ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Showing posts with label ဗဟုသုတများ. Show all posts
Showing posts with label ဗဟုသုတများ. Show all posts

Wednesday, May 25, 2011

"လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ် သမိုင်းအနည်းအကျဉ်း "


ကမ္ဘာပေါ်ရှိ အမြင့်ဆုံး ဘုရားစေတီမှာ ၃၂၆-ပေ ရှိသော ရွှေတိဂုံ စေတီတော်ပင်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိသည်။ လေးဆူဓာတ်ပုံ ရွှေတိဂုံ ဟုလည်း ခေါ်တွင်သည်။ စေတီအစ ရွှေတိဂုံက ဟုဆိုကြသည်။

တည်နေရာ..... ရန်ကုန်မြို့သိင်္ဂုတ္တရ ကုန်းတော် 
ဉာဏ်တော်.......ဖိနပ်တော်မှ စိန်ဖူးတော်ထိ
(၃၂၆) ပေ 
ကျော်ကြားမှု.......အစောဆုံး စေတီတော်ကြီး
(ကမ္ဘာ့အံ့ဘွယ်)

အမည်ခေါ်တွင်ပုံ

ရန်ကုန်တိုင်းကို မွန်လူမျိုးတို့သည် ဒဂုံတိုင်းဟု သမုတ်ခဲ့ကြသည်။ ဒဂုံတိုင်းမှာ တည်ထားသော ဘုရားဖြစ်သည့် အတွက်ကြောင့် ဒဂုံတိုင်းကဘုရားဟု ခေါ်ဝေါ်ပြောဆိုခဲ့ကြသည်။ မွန်ဘာသာဖြင့် ကျာ်လဂုင် ဟုရေးသားပြီး ကျိုက်လဂုံဟုအသံထွက်ဆိုခဲ့ကြသည်။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီးလက်ထက်တွင် မွန်တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက် ဒဂုံကို ရန်ကုန်ဟု အမည်နာမ ပြောင်းလည်ခဲ့သည်။ ကျိုက်လဂုံကို ကျိုက်ဒဂုံ ဟု ခေါ်ဆိုကြသည်။ နောက်ပိုင်းတွင် ကျိုက်လဂုံ(သို့) ကျိုက်ဒဂုံသည် မြန်မာပြည်၏ မူပိုင်သင်္ကေတ အဖြစ်ကျော်ကြားလာခဲ့သည်။ မူပိုင်ကျိုက်ဆိုသော စကားလုံးနေရာတွင် ရွှေနိုင်ငံ(Golden land)ကို ကိုယ်စားပြုသော ရွှေ ဆိုသော စကားလုံးဖြင့် အစားထိုးခဲ့ကြသည်။ ထို့အတူ လဂုံ လိုလို ဒဂုံ လိုလို ဖြစ်နေသောစကားလုံးကိုလည်း တိဂုံ ဖြင့် အတည်ပြုပေးလိုက်ကြသည်။ ထိုအချိန်မှစ၍ ကျိုက်လဂုံ သည် မြန်မာပြည်တွင်မှာ သာမက ကမ္ဘာ့  တ၀ှမ်းမှာ ရွှေတိဂုံ ဟူသော အမည်နာမဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။

သမိုင်းကြောင်း

သဗ္ဗညု မြတ်စွာဘုရားရှင်သည် ဗောဓိပင်ရင်း သတ်္တဌာန၌ (၇)ရက်စီ အလှည့်ကျစံတော်မူပြီး (၄၅)ရက် သီတင်းသုံး နေတော်မူ ခဲ့သည်။ ဤသို့ နေတော်မူ (၄)ရက်ပြည့်မြောက်ပြီး နောက် တစ်နေ့၌ ““ရာပဒတန်သတ်္တဟ”” ဖြစ်သည့် လင်းလွန်းပင်ရင်း၌ သီတင်းသုံး စံတော်မူစဉ်ကာလ။

ကုန်သည်ညီနောင်

ထိုစဉ်ကာလ၌ မွန်တို့ဌာနေ၊ ဥက္ကလာပမင်းကြီး၏ နိုင်ငံတော်တွင် ပါဝင်သော အသိဉ္စနမြို့၌ သုဝဏ္ဏအမည်ရှိသော သူဌေးကြီးတစ်ဦးရှိလေသည်။ ထိုသူဌေးကြီးတွင် တပုဿနှင့် ဘလ္လိက ဟူသော သားနှစ်ယောက်ရှိသည်။ ၎င်းတို့သည် ကုန်သည်များ ဖြစ်ကြသည်။ ၎င်းကုန်သည် ညီနောင်တို့သည် ကုန်များကို သင်္ဘောဖြင့် တင်ဆောင်ကာ မဇ္ဈိမဒေသသို့ ကုန်ရောင်းသွားကြသည်။ မဇ္ဈိမဒေသပင်လယ်ဆိပ်ကမ်းသို့ ရောက်သောအခါ သင်္ဘောကို ဆိုက်ကပ်ကျောက်ချ၍ ကုန်များကို လည်းအစီးပေါင်း (၅၀၀)ပေါ်သို့ တင်ဆောင်ကာ မဇ္ဈိမဒေသ၌ လှည့်လည်ရောင်းချကြသည်။ တဖုဿ ဘလ်္လိက ကုန်သည်ညီနောင်အဖွဲ့သည် ဗောဓိပင်အနီးသို့ ရောက်ရှိ လာခဲ့ကြ၏။ ကုန်သည်တို့ မဟာဗောဓိပင် အနီးသို့ရောက်ပြီး တစ်နေ့ သို့မဟုတ် တစ်ည၌ ရုက်္ခစိုးနတ်သည် ကုန်သည်ညီနောင်အား ကိုယ်ထင်ပြခဲ့၏။ ကုန်သည်ညီနောင်တို့သည် ရုက်္ခစိုးနတ်အား မြင်လျှင် အံ့သြသွားကြ၏။ အသင်မည်သူနည်း ဟုမေး၏။

ရုက်္ခစိုးနတ်က .`အမောင်တို့ နားထောင်လော့ ကျွန်ုပ်က တခြားမဟုတ်၊ ကျွန်ုပ်သည် ဟိုးဘ၀က အမောင်တို့နှင့် ဆွေမျိုးတော်စပ်ခဲ့သူများ ဖြစ်ပြီး၊ ကျွန်ုပ်သည် ဟိုးရှေးဘ၀က ကောင်းမှုကောင်းကျိုးများ ပြုခဲ့သူ ဖြစ်သဖြင့် ယခုဘ၀တွင် ရုက်္ခစိုးနတ်ဖြစ်ခဲ့သည်။ အမောင်တို့ ယခု သင်တို့ထံသို့ ရောက်ခဲ့သည်မှာ သင်တို့နှင့်ကျွန်ုပ်သည် ယခင် ဘ၀ဆွေမျိုးတော်စပ်ဖူးသူ ဖြစ်သဖြင့် သင်တို့အား အကျိုးပြုရန် ဤသို့ ကိုယ်ထင်ပြရခြင်းဖြစ်သည် အမောင်တို့´ဟုပြောသည်။ ကုန်သည်ညီနောင်က `အသင်က မည်သို့ အကျိုးပြုဖို့လာသနည်း´ဟု ရုက္ခစိုးနတ်ကို မေး၏။ ထိုအခါ ရုက်္ခစိုးနတ်က`နားထောင်လော့ အမောင်တို့ ကျွန်ုပ်သင်တို့အား အကျိုးပြုသည်ဆိုသည်မှာ အခြားမဟုတ်ပါ။ ပြောရလျှင် အမောင်တို့ ရောက်ရှိနေသည့် မဇ္ဈိမဒေသတွင် သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားဟာ ပွင့်တော်မူပြီး လင်းလွန်းပင်ခြေရင်းမှာ သီတင်းသုံး စံတော်မူနေတာမို့ အမောင်တို့ သွားရောက် ပူဇော်လော့ တိုက်တွန်းလမ်းညွှန်လိုတယ် အမောင်တို့´ဟုဆိုလျှင် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့ အလွန်တရာ ၀မ်းမြောက်ကြည်နူးသွားကြ၏။ ချက်ခြင်းပင် “ဒါဆို ကျွန်ုပ်အား လမ်းညွှန်ပြပါ ရုက္ခစိုးနတ်” ဟုပြော၏။ “ကောင်းပြီ ၊ အမောင်တို့၊”ထို့နောက် ရုက်္ခစိုးနတ်သည် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့အား ဘုရားရှင် သီတင်း သုံးရာ လင်းလွန်းပင်အား လမ်းညွှန်ပြခဲ့၏။ သည်အခါ ကုန်သည် ညီနောင်တို့သည် သဒ္ဒါပီတိအပြည့်နှင့် ဘုရားရှင် သီတင်းသုံးရာ လင်းလွန်းပင်ရင်းသို့ သွားကြ၏။ မြတ်စွာဘုရားရှင်အား မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ် တို့နှင့် ဘုရားရှင်အား လှူဒါန်းပူဇော်ခြင်းပြု၏။

ပထမဆုံး သရဏဂုံတည်သူ

ကုန်သည်ညီနောင်တို့ မြတ်စွာဘုရားရှင်အား မုန့်ကြွပ် ကြော်၊ ပျားမုန့်ထုပ်တို့နှင့် ပူဇော်သက်္ကာကပြု လှူဒါန်းခဲ့သည်။ ဘုရားရှင်မှ ဤသို့ လှူဒါန်းပူဇော်ခဲ့သည့်အတွက် ဗုဒ်္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ်္မံသရဏ ဂစ္ဆာမိ ဟူသည့် “ဒွေးဝါဓိက” သရဏံဂုံ တည်ခဲ့ကုန်၏။ ထိုစဉ်က “ဘုရားရတနာ၊ တရားရတနာ” တည်းဟူသည့် “ရတနာနှစ်ပါး”သည်သာ ပေါ်ထွန်းခဲ့ပြီး၊ သံဃာရတနာသည် ပေါ်ပေါက်ခဲ့ခြင်းမရှိသေးပေ။ ထို့ကြောင့် လူသူအများသည် ရတနာနှစ်ပါးအားသာ ဆည်းကပ်ပူဇော်နေကြကုန်၏။ ဗုဒ္ဓ၀င်သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ပထမဆုံး ဆွမ်းကပ်ရသူနှင့် ပထမဆုံး သရဏဂုံ တည်သူများ ဖြစ်ခဲ့၏။

ဆံတော်ရှစ်ဆူ 
ဘုရားရှင်အား ပူဇော်ခွင့်၊ ဆွမ်းကပ်ခွင့်ရခဲ့သည့်အတွက် ပီတိဖြစ်ခဲ့ရသည်။ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ဆွမ်းကပ်လှူပူဇော်ပြီးလျှင်.“အရှင်ဘုရား၊ တပည့်တော်တို့ အရှင်မြတ်ဘုရားအား ထာဝရကိုးကွယ်ဆည်းကပ်ပူဇော်နိုင်ရန် ဘုရားရှင်ကိုယ်စား ပူဇော်ရာ တစ်ခုအား ပေးသနားတော် မူပါဘုရား” ဟုလျှောက်ထား လေ၏။ “ကောင်းပြီးချစ်သားတို့” မိန့်တော်မူပြီး သကာလ ဦးခေါင်းတော်အား သုံးသပ်ပြီး ဆံတော်မြတ် (၈)ဆူအား ကုန်သည်ညီနောင်တို့ အားပေးသနားတော်မူရာ တဖုဿနှင့် ဘလ်္လိက ကုန်သည် ညီနောင်တို့သည် ၀မ်းမြောက်ပီတိ အပြည့်နှင့် ဗုဒ္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား သင်္ဘောနှင့်ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည် သို့ ပြန်ခဲ့၏။ တဖုဿနှင့် ဘလိ္လက ကုန်သည်ညီနောင်တို့ ဘုရားရှင်၏ ဆံတော်(၈)ဆူအား ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည်သို့ ပြန်လာလျှင် ဥက္ကလာပတိုင်း၏ ပြည့်ရှင်မင်းမြတ် ဥက်္ကလာပမင်းကြီး နှင့်တကွ ပြည်သူတို့က သောင်းသောင်းဖျဖျကြိုဆိုကာ ဖူးမျှော် ကြည်ညိုကြ၏။

နောင်တော်ကြီးစေတီ
ထို့အတူ ဆံတော်(၈)ဆူအား စေတီတော်အဖြစ် တည်ထား ကိုးကွယ်ရန် ဆုံးဖြတ်ကြ၏။ စေတီတော်အား “သိင်္ဂုတ္တရကုန်းတော်” ၌ တည်ထားကိုးကွယ်ရန် မင်းနှင့်ပြည်သူတို့က ဆုံးဖြတ်ပြီး သိင်္ဂုတ္တရ ကုန်းတော်သို့ ပင့်ဆောင်ခဲ့၏။ သိဂုင်္တ္တရကုန်းတော် သို့ရောက်လျှင် ဗုဒ်္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား ကြီးကျယ်ခန်းနားသည့် စံကျောင်း၊ မဏ္ဍာပ်ကြီး ဆောက်လုပ်၍ပူဇော်ခဲ့သည်။ ယင်းစံကျောင်း မဏ္ဍာပ်နေရာ၌ အထိမ်းအမှတ်စေတီတစ်ဆူ တည်ထားခဲ့ကြ၏။ ထိုစေတီသည် “နောင်တော်ကြီးစေတီ”ဟု အမည်တွင်၏။

ဌာပနာထားသော ဓာတ်တော်မြတ် ၄-ပါး
ဥက္ကလာပမင်းကြီးတည်ထားကိုးကွယ်တော်မူသော ရွှေတိဂုံ စေတီတော်ကြီး၌ ဘုရား ၄-ဆူ၏ ဓာတ်တော်မြတ်လေးဆူကို ဌာပနာထားသည်ဟု အဆိုရှိသည်။ ဗုဒ္ဓမြတ်စွာတို့၏ ဆံတော်မြတ်၊ ဓာတ်တော်မြတ်တို့အား ရန်သူတို့ အလွယ်တကူ မဖျက်ဆီးနိုင်ရန်အတွက် နတ်တို့သည် ဌာပနာ တိုက်ထည့်သွင်းတည်ရန် ကြံရွယ်ပြီး သိဂုင်္တ္တရကုန်းတော် အလယ်တည့်တည့်၌ “ဇောက် ၄၀၄တောင်၊ အနံ ၄၄ တောင်ရှိသည့် ဥမင်လိုဏ်ခေါင်းတစ်ခုတူးခဲ့၏။ ထိုဥမင်လိုဏ်ခေါင်းအတွင်း၌

၁...ဆူးလေနက်ကြီးထံမှ ရရှိသော ကကုဿန်မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော်
၂..ရောဟဏီမည်သော ဗိုလ်တထောင်နတ်ကြီးထံမှ ရရှိသည့် ကောဂမန မြတ်စွာဘုရားရှင်၏ ရေစစ်တော်
၃..ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ နတ်ကြီးထံမှ ရရှိသည့် ကဿပမြတ်စွာဘုရားရှင်၏ ရေသနုပ်သင်္ကန်းတော်မြတ်
၎..တဖုဿနှင့် ဘလ္လိက ညီနောင်တို့ထံမှ ရရှိသော ဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်မြတ်(၈)ဆူအား မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်း လပြည့်နေ့၌ ကျောက်ဖျာအခင်းအကာများ ပြုလုပ်၍ ဌာပနာတိုက် ထည့်သွင်းတော်မူခဲ့သည်။ ထိုဆံတော်ဓာတ်တို့ကို 'အမြိဿရ' မည်သော မှော်ဘီနတ်ကြီးက စောင့်ရသည်ဟု မော်ဓော ရာဇာဝင်သမိုင်းနှင့် ရွှေတိဂုံသမိုင်း၊ အခြား ပညာရှိတို့ကဆိုကြသည်။ ထို့နောက် ကျောက်ဖျာတိုက်၏ အထက် ၌ ကျောက်ဖျာတင်၍ ဌာပနာတိုက်အား ပိတ်ခဲ့၏။

Friday, May 20, 2011

"ရေသောက်ခြင်း၏ အကျိုးများ"

 

ရေသည် လူတို့၏ အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့်လည်း ရေအသက် တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။ သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်။ သောက်သင့်သည့် အချိန်တွင် သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံး အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။


ရေသောက်သုံးသင့်သော အချိန်များ

  • နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
  • အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။
  • ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ သွေးပေါင်ချိန်ကျစေပါသည်။
  • မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။


ရေအကျိုး ဆယ်ပါး
  • ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအား တားဆီးနိုင်ပါသည်။ ကျောက်ကပ်တွင် ကျောက်တည်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်တွင် ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါသည်။ ရေသောက်များပါက ဆီးတွင် အနယ်ထိုင်နှုန်း နည်းသွားသည်။ ထို့ကြောင့် ကျောက်ကပ်တွင် ကျောက်တည်ဝေဒနာသည်များပါမက ရောဂါ မဖြစ်ပွားလိုသူများပါ တစ်နေ့ကို ရေ ၁၂ ဖန်ခွက်လောက် အနည်းဆုံးသောက်သင့်ပါသည်။
  • ရေသည် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသပေးနိုင်ပါသည်။ ရေများများသောက်လေလေ ဆီးများများသွာလေလေဖြစ်ပါသည်။ ဆီးခဏခဏသွားနေပါက ဆီအိမ်အတွင်းရှိ bacteria ပိုးများ ဆီးနှင့်အတူပါသွားသောကြောင့် မြန်မြန်သက်သာနိုင်ပါသည်။
  • ရေသည် ၀မ်းလျောသည့်အခါတွင် ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရာတွင် အထောက်အကူပြုပါသည်။ သို့သော် ရိုးရိုးရေထက် ဓာတ်ဆားရည်က ပိုမိုထိရောက်ပါသည်။
  • ရေသည် အဖျားကို လျော့ချရာတွင် အထောက်အကူပြုပါသည်။ ကိုယ်အပူချိန်တက်လျင် ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ ရေများများသောက်ပါက ကိုယ်အပူချိန်ကျသည့်အပြင် ဆီးများများသွားသောကြောင့်လည်း ကိုယ်ပူကျ ပိုမြန်ပါသည်။
  • ရေများများသောက်ပါက တုတ်ကွေးမိသောအခါ သို့မဟုတ် နှာစေးချောင်းဆိုးဖြစ်သောအခါ အထောက်အကူပြုပါသည်။ ရေဓာတ်များပါက လည်ခေါင်းအတွင်းရှိ သလိပ်များ ပိုမိုကျဲသွားပြီး ဟတ်ထုတ်ရာတွင် လွယ်ကူစေပါသည်။ ထို့အတူ နှာခေါင်းပိတ်ခြင်းကိုလည်း သက်သာစေပါသည်။
  • ရေသည် အစာစားနောက်ကျသောကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်း (acid ကြောင့် ဗိုက်အောင့်ခြင်း) ကိုသက်သာစေပါသည်။ ရေ ၂ ခွက်နှင့် ငှက်ပျောသီး တစ်လုံးသည် Antacid တစ်လုံးကဲ့သို့ စွမ်းဆောင်နိုင်ပါသည်။
  • ရေများများသောက်ပါက ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ရေသောက်နည်းပါက မစင်တုံးများသည် ပိုမိုမာကျောသွားပြီး ၀မ်းချုပ်စေပါသည်။ ထို့ကြောင့် ၀မ်းချုပ်၍ မရသည့် လိပ်ခေါင်းနှင့် စအိုဝကွဲနာ ဝေဒနာသည်များအတွက် ရေသည် ဆေးတစ်ခွက်ပင် ဖြစ်ပါသည်။
  • ရေသည် လူကို လန်းဆန်းတက်ကြွ စေပါသည်။ ရေဓာတ်နည်းပါးလာပါက သွေးသည် အလိုလို စေးပျစ်လာတတ်သည်။ ထိုအခါ ဦးနှောက်သို့ သွေးစီးနှုန်း နည်းသွားပြီး ခေါင်းနောက်ခြင်းနှင့် ပင်ပန်းခြင်းတို့ကို ခံစားရနိုင်ပါသည်။
  • အစာမစားမီ ရေသောက်လေ့ရှိပါက ဗိုက်ပိုတင်းပြီး အစာသိပ်မစားဖြစ်တော့ချေ။ ထို့ကြောင့် ကိုယ်အလေးချိန်လျှော့ရာတွင် ရေသည် အရေးကြီးပါသည်။
  • ရေသည် အရေပြားနှင့် အသားအရေကို စိုစွတ်အေးမြစေပါသည်။ အသားအရေကိုလည်း လှပစေပါသည်။

ရေသောက်ရာတွင် လိုက်နာသင့်သည် အချက် ဆယ်ချက်

  • အိပ်ယာနိုးနိုးချင်း ရေသောက်ပါ။
  • တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ ခွက်မှ ၁၂ ခွက် အထိသောက်ပါ။
  • ရေကို နည်းနည်း ဖြင့် ခဏခဏ သောက်ခြင်းက တစ်ခါတည်း အများကြီးသောက်ခြင်းထက် ပိုမို အကျိုးရှိပါသည်။
  • ရေငတ်မှ ရေသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် အသက်ကြီးသူများတွင် ခန္ဓာကိုယ်အတွက် ရေဓာတ်နည်းပါးနေသည်ကို အာရုံခံစွမ်းအား နည်းသွားပါသည်။
  • ရေသောက်ရာတွင် ရိုးရိုးရေကိုသာသောက်ပါ။ အအေး၊ ကော်ဖီ၊ ဘီယာ နှင့် အရက်သောက်ခြင်းများ ရှောင်ကြဉ်ပါ။ အဆိုပါ အရေများသောက်ပါက ရေဓာတ်ဆုံးရှုံးမှု ပိုမို များပြားသွားပါလိမ့်မည်။
  • ကလေးများကို ရေများများသောက်ရန် ကျင့်ပေးပါ။ မိမိကိုယ်တိုင် စံပြအဖြစ်လုပ်ပြပါ။
  • ကစားပြီး လေ့ကျင့်ခန်းများလုပ်ပြီးပါက ရေပိုသောက်ပါ။
  • ဖျားနာပြီး ကိုယ်ပူနေပါက ရေပိုသောက်ပါ။ ရေဓာတ်ဆုံးရှုံးမှု များသောကြောင့် ဖြစ်ပါသည်။
  • ကိုယ်ဝန်ဆောင်သည်များအနေဖြင့် ရေပိုသောက်ပါ။ ပုံမှန်သောက်နေကျထက် ၃-၄ ခွက်ခန့် ပိုသောက်သင့်သည်။

Sunday, October 31, 2010

“ဆရာဦးအောင်သင်း"



* ဆရာဦးအောင်သင်းကို ၁၉၂၇ ခု၊ ဧပြီလ ၁၇ ရက်တွင် တောင်တွင်းကြီးမြို့၌ အဖ သခင်ညီမောင်၊ အမိ ဒေါ်ရွှေကြင်တို့မှ မွေးဖွားခဲ့သည်။ မွေးချင်း ၃ ဦး ရှိပြီး၊ အကြီးဆုံး ဖြစ်သည်။ အမည်ရင်းမှာလည်း အောင်သင်းပင် ဖြစ်သည်။ တောင်တွင်းကြီးမြို့ တောင်ပြင်ရပ် ဦးသာဒွန်းဇံ မူလတန်းကျောင်းတွင် စတုတ္ထတန်းအထိပညာသင်ကြားခဲ့သည်။ စတုတ္ထတန်း အောင်ပြီးနောက် မိုးထိ အလယ်တန်းကျောင်းတွင် ဆက်လက်ပညာသင်ကြားခဲ့သည်။ ဆဋ္ဌမတန်း ကျောင်းသားဘဝတွင် ၁၉၃၈ ခု၊ ကျောင်းသား သပိတ်နှင့် ကြုံရပြီး၊ ထိုနှစ်မှာပင် မိခင်ဖြစ်သူ ကွယ်လွန်ခဲ့သည်။ 

* သတ္တမတန်းတွင် စာမေးပွဲပြီးနောက် ကျောင်းထွက်ခဲ့သည်။ ထို့နောက် ဖခင်ဖြစ်သူ နောက်အိမ်ထောင်ပြုသည်။ ၁၉၄၁ ခုတွင် ရှင်သာမဏေဝတ်ပြီး၊ သမဏေဘဝဖြင့် ပညာသင်နေစဉ် ဒုတိယကမ္ဘာစစ် ဖြစ်လာ၍ သာမဏေဘဝမှထွက်လိုက်ရသည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၇ တွင် ပြည်သူ့ရဲဘော်တပ်ဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ ထိုမှတဆင့် ဆိုရှယ်လစ်ပါတီသို့ ရောက်သွားပြီး သင်တန်းများတက်၍ ခရိုင်စည်းရုံးရေးမှူး အဆင့်ထိ တာဝန်ယူဆောင်ရွက်ခဲ့သည်။
* ၁၉၄၉ ခုနှစ်၊ ပြည်တွင်း စစ်မီးကြီးတောက်လောင်လာသည့် အခါ ရဲဘော်ဖြူများ၏ ဖမ်းဆီးခြင်းခံရပြီး မကွေးထောင်၊ တောင်တွင်းကြီးထောင်၊ ပြည်ထောင်၊ သရက်ထောင်များတွင် အကျဉ်းကျခံခဲ့ရသည်။ ၁၉၄၉ ခု၊ နိုင်ဝင်ဘာလတွင် သရက်ထောင်ကို ဖောက်၍ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ 

* ၁၉၅၂ တွင် တောင်တွင်းကြီးသို့ ပြန်လာခဲ့ပြီး၊ တက္ကသိုလ်ဝင်တန်း (၁၀ တန်း) စာမေးပွဲ ဝင်ရောက်ဖြေဆိုရာ ၁၉၅၃ ခုတွင် စာမေးပွဲ အောင်သည်။ ထိုနှစ် အောက်တိုဘာလ တွင် မိုးထိ အထက်တန်းကျောင်း၌ အလယ်တန်းပြဆရာအဖြစ် ဝင်ရောက် အမှုထမ်းခဲ့သည်။ ၁၉၅၆ တွင် အလုပ်မှထွက်၍ မကွေးကောလိပ် ဥပစာ ဝိဇ္ဇာတန်းသို့ တက်ရောက် ပညာဆည်းပူးပြန်သည်။ ၁၉၆၀ ခုတွင် ဝိဇ္ဇာတန်းကို မြန်မာ ဘာသာစကားနှင့် အနုစာပေ၊ အင်္ဂလိပ် ဘာသာစကားနှင့် အနုစာပေ၊ ဒဿနိကဗေဒ ဘာသာတွဲဖြင့် အောင်မြင်ခဲ့သည်။ 

* ၁၉၆၁ ခုတွင် ဘီးအီးဒီ (B.Ed.) ဆက်တက်နေစဉ်၊ မြန်မာစာဌာန ပါမောက္ခ ဦးဝန် (ဆရာကြီး မင်းသုဝဏ်) ၏ လက်ထက်၌ မဟာဝိဇ္ဇာ အရည်အချင်းစစ် စာမေးပွဲဖြေခွင့် ပေါ်လာခဲ့သဖြင့် သင်တန်းတက်ရောက်ခွင့်ကိုဖြေဆိုရာ 
အောင်မြင်ခဲ့သည်။ ၁၉၆၂ တွင် ရန်ကုန်တက္ကသိုလ်၌ နည်းပြဆရာဖြစ်လာပြီး၊ ၁၉၆၃ ခုနှစ်တွင် မော်လမြိုင် ဒီဂရီကောလိပ်သို့ ပြောင်းရွှေ့ခဲ့သည်။

* ၁၉၆၅ ခုနှစ်၊ မေလတွင် မေမြို့ (ယခု ပြင်ဦးလွင်) စစ်တက္ကသိုလ် မြန်မာစာဌာနသို့ လက်ထောက်ကထိက ရာထူးဖြင့် ပြောင်းရွှေ့ အမှုထမ်းခဲ့သည်။ ၁၉၇၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် ရန်ကုန်တက္ကသိုလ်သို့ ပြန်ပြောင်းရပြီး မဟာဝိဇ္ဇာတန်းကို ဆက်တက်ပြီး ပညာဆည်းပူးပြန်သည်။ ၁၉၇၄ တွင် 'ဝတ္ထုတို လေ့လာချက် စာတမ်း' ပြုစုတင်ပြပြီး မဟာဝိဇ္ဇာတန်းကို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ 

* ၁၉၅၉ ခုနှစ်၊ မေလထုတ် မြဝတီ မဂ္ဂဇင်းတွင် ဖော်ပြခံရသော သရက်ထောင် ဖောက်ခဲ့စဉ်က ဆောင်းပါးသည် ဆရာ အောင်သင်း၏ ပထမဆုံးလက်ရာ ဖြစ်သည်။ ထိုဆောင်းပါးကို ဦးစွာပထမ ရှုမဝမဂ္ဂဇင်းသို့ ပေးပို့ခဲ့ရာ၊ အယ်ဒီတာအဖွဲ့က ပြည်တွင်းစစ်နှင့် ပတ်သက်သော အကြောင်းအရာများကို မထည့်ရန် ဆုံးဖြတ်ထားသောကြောင့် ပြန်ပို့ပေးခြင်းခံရသည်။ ထို့နောက်မှ မြဝတီသို့ ပို့ခဲ့ရာ မြဝတီ မဂ္ဂဇင်း၌ ထည့်သွင်း ဖော်ပြခံရသည်။ 

* ၁၉၆၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ထုတ်ဝေသည့် ပုသိမ်မဂ္ဂဇင်းတွင် ဆောင်းပါး ၂ ပုဒ် 'လူသေ လူမဖြစ်မီက သျှင်ဥက္ကဋ္ဌ' ဟူသော ဆောင်းပါး၊ အခြား ဆောင်းပါး တပုဒ် နှင့် အင်္ဂလိပ်ကဗျာ ဘာသာပြန်တပုဒ် ရေးသား ပေးပို့ခဲ့ရာ၊ လူတဦးတည်း၏ စာမူ ၃ ပုဒ် ဖော်ပြရန်မသင့်ဟု ဆုံးဖြတ်သောကြောင့် Henery Davibes ၏ The Welcome ကဗျာတွင် 'မောင်သံနိုင်' ဟူသော အမည်နှင့် ဖော်ပြခဲ့သည်။ 

* ၁၉၆၂ ခုတွင် 'စာဆိုတော်' ဟူသော ပြားငါးဆယ်တန် မဂ္ဂဇင်းကလေး ထွက်လာခဲ့ဖူးသည်။ ထိုမဂ္ဂဇင်း၏ စာပေ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ (တာဝန်ခံ အယ်ဒီတာမှာ တပ်မတော် မင်းရဲထွန်း ဖြစ်သည်)။ ထိုစာစောင်တွင်လည်း လစဉ် သုံးလေးပုဒ် ရေးရသောကြောင် 'မောင်သံနိုင်' ကလောင်အမည်ကို တခါထပ်ပြီး သုံးလိုက်ရသေးသည်။ သို့သော် နောက်ပိုင်းတွင် အောင်သင်းမှတပါး အခြားမည်သည့် ကလောင်အမည်ကိုမျှ အသုံးမပြုတော့ဘဲ၊ နာမည်ရင်း အတိုင်းသာ ရေးခဲ့သည်။ 

* ၁၉၆၃ ခုတွင် ကံ့ကော်မြိုင်စာတန်းများ စာစု၌ စာတမ်း ၃ ပုဒ် ရေးခဲ့ရာ ၂ ပုဒ်ကို ထိုစဉ်က အထက်တန်း၊ အလယ်တန်း မြန်မာစကားပြေ လက်ရွေးစင်တို့တွင် ကျောင်းသုံးစာအုပ်အဖြစ် ပြဋ္ဌာန်းခဲ့သည်။ ၁၉၆၆ ခုနှစ်ဝန်းကျင်တွင် 'စိတ်ပင်လယ် စာတမ်းများ' အတွက် စာတမ်းငယ် ၂ ပုဒ် ရေးပေးခဲ့သည်။ ၁၉၇၁ ခုတွင် ရှုမဝ၌ 'မြန်မာဘာသာစကားနှင့် ကာရန်မဲ့ ကဗျာ' ဟူသော စာပေဝေဖန်ရေးဆောင်းပါးကို ရေးခဲ့သည်။ ထိုအချိန်မှစ၍ စာပေ သဘောတရား၊ စာပေ ဝေဖန်ရေးများကို ဆက်တိုက် ရေးခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် 'စာပေရေးရာ ဆောင်းပါးများ' အမည်ရှိ စာပေဆောင်းပါး စာစုကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ 

* ၁၉၈၃ ခုနှစ် နိုဝင်ဘာလတွင် သဘင်မဂ္ဂဇင်း အမှတ် (၁) ကို စတင်ထုတ်ဝေခဲ့ရာ ထိုမဂ္ဂဇင်း အမှတ် (၁) မှစ၍ (၂၅) လ တိုင်တိုင် 'အကြိုက်ဆုံး ဝတ္ထုတို' ကဏ္ဍကို လစဉ် ရေးသားခဲ့သည်။ ၁၉၇၈ ခု၊ ဧပြီလတွင် နိုင်ငံရေး လှုပ်ရှားမှု၌ ပါဝင် ပတ်သက်သည်ဟု မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီက ယူဆသောကြောင့် အလုပ်မှထုတ်ပယ်ခြင်း ခံရသည်။ ထိုအချိန်မှ စ၍ အလွတ် ကျူရှင်များတွင် မြန်မာစာပေ သင်ကြားပေးခြင်း၊ စာပေရေးသားခြင်းတို့နှင့်သာ အသက်မွေးဝမ်းကျောင်းပြုခဲ့သည်မှာ ယနေ့တိုင် ဖြစ်သည်။ 

* အမှတ် ၄၆၊ ဓမ္မိကဝတီလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့တွင် ယခုလက်ရှိနေထိုင်လျက် ရှိသည်။ 
ထင်ရှားသော စာအုပ်အချို့

1. စာပေရေးရာဆောင်းပါးများ
2. ၀တ္ထုရေးရာဆောင်းပါးများ
3. အကြိုက်ဆုံးဝတ္ထုတိုများနှင့် သုံးသပ်ချက်များ(ပ၊ဒု)
4. မျိုးဆက်သစ်တိုးတက်ရစ်ဖို့
5. အမွေ
6. ကန့်ကူလက်လှည့်
7. ကိုယ်ကျင့်နဲ့ပညာ
8. နှစ်ကိုယ်သိ(နိုင်ငံတကာဝတ္ထုတိုများဘာသာပြန်)
9. အာဖရိကမုဆိုး(ဘာသာပြန်)
10. လှလိုက်တာနော်နှင့်ရသစာတမ်းငယ်များ
11. ကမ္ဘာပြဿနာရှင်းတဲ့နေ့နှင့် ရသစာတမ်းငယ်များ
12. မျိုးဆက်သစ်တွက် ပိဋကတ်မိတ်ဆက်
13. မျိုးဆက်သစ်တွက် ဂန္တ၀င်မိတ်ဆက်။
14. စဉ်းစားစရာလေးတွေ
15. တစ်ခါတုန်းက တပည့်တွေ
16. သေကိန်းဆိုက်တဲ့ ည နှင့် အခြားဝတ္တုတိုများ
17. အနာဂတ်ကို မကြောက်နဲ့
18. စာပေလူကြမ်းမင်းသားအောင်သင်း
19. သူတို့ နှင့်ကျွန်တော်
20. ရွှင်ရွှင်ပြုံးပြုံးစာစီစာကုံး
21. ကိုယ်တွေ့ စာစီစာကုံး
22. ကျွန်တော့်ကွန်ပျူတာ
23.အရွယ်
24. မောင်ထင်ရဲ့ ပုဂ္ဂလအဘိဓာန် 

Wednesday, July 14, 2010

“ကမ္ဘာ့တည်ဆောက်မှုကုန်ကျစရိတ်အများဆုံးလေဆိပ်”


ဟောင်ကောင်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ကမ္ဘာပေါ်တွင် တည်ဆောက်မှု ကုန်ကျစရိတ်အများဆုံးလေဆိပ်ဖြစ်သည်။
စုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ကုန်ကျခဲ့သည်။
အားကစားခန်းမများ၊ ဟိုတယ်များ၊ ဆိုင်ခန်းများပါရှိပြီး ကမ္ဘာ့အကြီးဆုံး ခရီးသည်တင်လေယဉ်ကြီးများ ဆင်းသက်နိုင်အောင် တည်ဆောက်ထားသည်။

Sunday, July 4, 2010

“တန်ဖိုးအမြင့်ဆုံးအလှမယ်သရဖူ”

ရုရှားအလှမယ်များအတွက် ၁၉၉၃ ခုနှစ်က စတင်ပြုလုပ်အသုံးပြုခဲ့သည့် သရဖူဖြစ်သည်။
ရုရှားအလှမယ်ဘွဲ့ရသူများ၊ ရုရှားနိုင်ငံမှ ကမ္ဘာ့အလှမယ်ဘွဲ့ရသူများနှင့် ကမ္ဘာ့အလှမယ်ပြိုင်ပွဲအထိ တက်ရောက်ဆင်နွဲခွင့်ရသူများအား ဦးခေါင်း၌ အလှဆင်ပေးသည့် သရဖူဖြစ်သည်။
စိန် ၂၃၅၈ ပွင့်နှင့် ရှားပါးပြီးအရည်အသွေးကောင်းသော ပုလဲ ၁၄ လုံးထည့်သွင်းပြုလုပ်ထားရာ ယင်းသရဖူတန်ဖိုးမှာ အမေရိကန်ဒေါ်လာ တသန်းကျော်ဖြစ်သဖြင့် ကမ္ဘာပေါ်တွင် တန်ဖိုးအမြင့်ဆုံး အလှမယ်သရဖူအဖြစ် ဂရင်းနစ်မှတ်တမ်း၌ ဖော်ပြခံရသည်။

Saturday, January 30, 2010

"အိပ်စက်ခြင်းနဲ့ လူ့မှတ်ဉာဏ်"

လူဟာ ဘ၀တလျှောက် မပြတ်သင်ယူနေရတယ်လို့ ပြောစကားရှိပါတယ်။ 
လူဟာ အိပ်စက်အနားယူနေချိန်မှာတောင် ဦးနှောက် မှတ်ဥာဏ်က လေ့လာသင့်ယူနိုင်တယ်ဆိုတာကို အခုနောက်ဆုံး လေ့လာချက်တခုမှာ တွေ့ရပါတယ်တဲ့။ 
အိပ်မောကျနေချိန် အသံဖိုင်တခုခုကို ဖွင့်ပြထားခြင်းအားဖြင့် ဘာသာစကားတရပ်ရပ်ကို သင်ယူနိုင်မလား.. သိပ္ပံပညာရှင်တွေ စူးစမ်းလေ့လာလာကြပါတယ်။

တချို့လူတွေဟာ အိပ်နေချိန်မှာ ခပ်အေးအေး ဂီတသံစဉ်တခုခု နားထောင်တာ ဒါမှမဟုတ် တီဗွီ ရုပ်မြင်သံကြားဖွင့်ထားတာမျိုး လုပ်လေ့ရှိပါတယ်။
ကောင်းကောင်းအိပ်ပျော်နိုင်ဖို့ သူတို့အတွက် အထောက်အပံ့ဖြစ်စေတယ်လို့ ယူဆလို့ပါ။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက လေ့လာတွေ့ရှိချက်တခုမှာတော့ အိပ်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာအနားယူမှုသက်သက်မဟုတ်ပါဘူး၊ မှတ်ဥာဏ် အားကောင်းစေနိုင်တဲ့ အခွင့်အလမ်းတွေ အိပ်ခြင်းမှာရှိနေတယ်ဆိုတဲ့ လျို့ဝှက်ချက်ကို အတည်ပြု တွေ့ရှိခဲ့ပါတယ်။
အခုလို အိပ်နေစဉ် အသံ သံစဉ်တွေကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသူ တဦးချင်းမှာ ဘယ်လို သက်ရောက်မှုရှိသလဲဆိုတာကို သိပ္ပံပညာရှင် အုပ်စုတစုက စူးစမ်းလေ့လာခဲ့ပါတယ်။
အိပ်ပျော်နေစဉ်မှာ မိမိနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ သံစဉ် ဒါမှမဟုတ် အသံတခုခုကို ပြန်အမှတ်ရခြင်းအားဖြင့် ပြန်နိုးလာတဲ့အခါမှာ အလွယ်တကူပိုလို့ မှတ်ဉာဏ်အားကောင်းစေတာ တွေ့ခဲ့ရပါတယ်။

ဒါကြောင့် အိပ်ပျော်နေချိန်မှာ စိတ်ထဲမှာ ခံစားသိရှိမှုဟာ လူရဲ့ လေ့လာသင်ယူမှုအတွက် အရေးကြီးတဲ့ အထောက်အပံြ့ဖစ်စေတယ်လို့ ဒီ လေ့လာချက်က သုံးသပ်ပါတယ်။
အမေရိကန်ပြည်ထောင်စု Northweast တက္ကသိုလ် Weinberg ၀ိဇ္ဌာနဲ့သိပ္ပံ လေ့လာရေးဌာနက သုတေသီ Ken Paller၊ John Rudoy နဲ့ အဖွဲ့ဟာ သူတို့သဘောဆန္ဒနဲ့သူတို့ ပါဝင်ကူညီတဲ့ စိတ်ပညာကျောင်းသား ၁၂ဦးကို စံထား လေ့လာပါတယ်။
သူတို့တွေ အိပ်ပျော်နေစဉ် ကြားရတဲ့ အသံနဲ့ မှတ်ဥာဏ် ဘယ်လို ဆက်စပ်မှုရှိသလဲ လေ့လာတာပါ။
လေ့လာတွေ့ရှိချက်အရ လူဟာ အိပ်ပျော်နေစဉ်မှာ ဦးနှောက်က အတော်လေး အလုပ်များနေပါတယ်။ မကြာသေးခင် ဖြစ်ခဲ့တဲ့ မှတ်ဥာဏ်တွေကို ပြန်လှန်ပြီး အခြားရှိပြီးသားအသိမှတ်ဥာဏ်တွေနဲ့ ပေါင်းစပ်ပါတယ်။
ဒီလို ထူးဆန်းနက်နဲစွာ မှတ်ဥာဏ်တွေ ပေါင်းစည်းရေးလုပ်ငန်းကြောင့် အိပ်ရာနိုးတဲ့အချိန်မှာ မှတ်ဥာဏ်စွမ်းရည်တတ်လာစေပါတယ်တဲ့။
“ အသေးစိတ် ဥပမာ တခုခု ပေးရမယ်ဆိုရင်တော့ - သင်တန်းတခုကို ကိုင်တယ်မသွားနိုင်ဘူးဆိုပါတော့ .. တဦးဦးက အဲဒီသင်ခန်းစာကို အသံဖမ်းယူပြီး ခင်ဗျား အိပ်ချိန် ဖွင့်ပြတာမျိုးပါ။ ဒါပေမယ့် ခင်ဗျားကိုယ်တိုင် အဲဒီ သင်တန်းမှာ လူကိုယ်တိုင်ရှိနေတယ်.. နားထောင်လေ့လာဖြစ်တယ်ဆိုရင်တော့ .. အိပ်ချိန် ပြန်နားထောင်ရတာ ပိုလို့ မှတ်ဥာဏ်အား ကောင်းပါတယ်။ အိပ်နေချိန် အဲဒီ သင်ခန်းစာကို ဖွင့်ပြရင် - ခင်ဗျား ကိုယ်တိုင် တက်ခဲ့တဲ သင်တန်းက သင်ခန်းစာတွေကို ပြန်အမှတ်ရလာစေပါတယ်။ လူပျင်းတွေ အတွက် နည်းတော့ မဟုတ်ပါဘူးဗျာ။” လို့ John Rudoy က ပြောပါတယ်၊

Friday, January 8, 2010

"ပင်လယ်၊သမုဒ္ဒရာတွေရဲ့ အနက်"


ပစိဖိတ်သမုဒ္ဒရာဟာ အနိမ့်ဆုံးအနက် (၄၀၅၀)မီတာနဲ့ အမြင့်ဆုံးအနက် (၁၁၀၃၀)မီတာရှိပြီး အနက်ဆုံး
ဖြစ်ပါတယ်။
အိန္ဒိယသမုဒ္ဒရာဟာအနိမ့်ဆုံး (၃၉၀၀)မီတာနဲ့အမြင့်ဆုံးအနက် (၉၂၀၀)မီ
တာရှိပါတယ်။
အတ္တလန်တိတ်သမုဒ္ဒရာကတော့အနိမ့်ဆုံးအနက်(၃၃၀၀)မီတာနဲ့အမြင့်ဆုံးအနက် (၉၂၀၀)မီ
တာရှိပါတယ်။
အာတိတ်သမုဒ္ဒရာကတော့ အနိမ့်ဆုံးအမြင့်ဆုံးအနက် (၅၅၀၀)မီတာရှိပြီး
မြေထဲပင်လယ်ကအများဆုံးအနက် (၅၁၂၀)မီတာနဲ့ အနည်းဆုံးက (၁၀၀၀)မီတာရှိတယ်။
ပင်လယ်နက် အစုအဝေးရဲ့အောက်ခြေက ဘောလ်တစ်ဖြစ်ပြီး အနည်းဆုံးအနက်က (၄၆၀)မီတာ ဖြစ်ပါတယ်တဲ့...

Monday, November 30, 2009

"စာအိတ်များ နှင့် တံဆိပ်ခေါင်းများ"

(ဒီစာကို ဖြန့် ဝေပေးပါ... ဆိုလို့ :P... ဟုတ်ပါတယ် တကယ်လဲ စာအိတ်ကို လျှာဖြင့်မလျက်သင့်ပါဘူး)

ကယ်လီဖိုးနီးယား ပြည်နယ် ရှိ စာအိတ်လုပ် စက်ရုံတစ်ရုံတွင် အမျိုးသမီး တစ်ဦးသည်အလုပ်လုပ်ခဲ့ဖူးလေသည်။
တစ်နေ့ တွင် စာအိတ်တစ်အိတ်ကို လျာ ဖြင့်လျက်ပြီး တံဆိပ်ခေါင်းကပ်ပေးလိုက်မိသည်၊ ရေမြုပ် ကိုမသုံးလိုက်မိ။
၎င်းနေ့ ချင်းတွင်း ပင် သူမ၏လျှာတွင် ကွဲကြောင်း လေးကို သတိပြုမိ၏။
တစ်ပါတ်လောက်ကြာသော အခါ လျှာမှာ အတော်လေး ရောင်ရမ်းနေလေပြီ။

ဆရာဝန်ဆီ သွားပြကြည့်သော်လည်း ဆရာဝန်ကဘာမျှမဖြစ်ဟုဆိုကာ ပြန်လွှတ်လိုက်လေ၏။
သူမ၏လျှာမှာ လျှာနာလည်းမဟုတ် မည်သည့်ရောဂါ အမျိုးအစားထဲတွင်မှ မပါဘဲဖြစ်နေလေသည်။

နှစ်ရက်လောက်ကြာသည်တွင် လျှာမှာထပ်ပြီး ရောင်ရမ်းလာလေ ရာ အလွန်နာကျင်သည့်အလျောက်
ထမင်းပင်မစားနိုင်အောင်ဖြစ်လာလေ၏။ ဆေးရုံကို နောက် တစ်ခေါက်သွားပြီး
"တစ်ခုခုတော့လုပ်ပေးပါအုံး ဆရာရယ်....ဒီမှာနာလို့ သေတော့မယ်" ဆိုပြီး တော့အတင်းအကျပ်တောင်းဆိုရတော့သည်။

သူ့ လျှာကို ဆရာဝန်က X-ray ရိုက်ကြည့်သော အခါ လျှာအသားထဲတွင် အလုံးကြီး တစ်လုံး ရှိနေသည်ကို တွေ့ရသည်။

Minor Surgery(ဘယ်လို ပြန်ရမည်ကို မသိပါ....အသေးစား ခွဲ စိတ်မှု ဟုအနီးစပ်ဆုံး ပြန်နိုင်ပါသည်....
ဆေးပညာတွင် Major Surgery နှင့် Minor Surgery ဆို ကာ နှစ်မျိုးနှစ်စား ရှိသည်.......
အသက်အန္တရာယ်နှင့် မနီးသော ခွဲစိတ်မှု အသေးစားများကို Minor Surgery ဟုခေါ်ပါသည်)

Minor Surgery လုပ်ပေးရန် သူမကို ပေးသင့်သည့်ထုံဆေး၊ မေ့ဆေးတို့ ကို ပေးပြီး
အဆင် သင့် ရှိနေစေပါသည်။ ထို့ နောက် ဆရာဝန်က စပြီးခွဲ စိတ်တော့သည်....
ဆရာဝန်က လျှာကို အလျားလိုက် အပေါက်ဖြစ်သွားအောင် ခွဲစိတ်လိုက်တော့....
ပိုးဟပ် အရှင် တစ်ကောင် တွားလျက်ထွက်လာလေ၏။..



ပိုးဟပ်ဥများသည် စာအိပ် ချိပ်ပေါ်တွင် ရှိနေကြလေ၏။ တံတွေး ၏ အနွေးဓါတ် နှင့် စိုစွတ်ထိုင်းမှိုင်းမှု တို့ ကြောင့်
သူမ၏ လျှာပေါ်တွင် ပိုးဟပ်ဥ သည်ကောင်းစွာပေါက်ဖွါးနိုင်ခဲ့လေသည်။
ဒီ အကြောင်းအရာ သည် CNN သတင်းဌာနက ပင်လျှင် ကြေငြာ ခဲ့ဖူးသော အစစ်အမှန်သတင်းဖြစ်ပါသည်။

"ကျွန်မ စာအိတ်လုပ်စက်ရုံတစ်ရုံ မှာအလုပ်လုပ်ဖူးပါတယ်....
စာအိတ်မှာသုတ်ဖို့  ကော်စေးတွေထဲ့ထားတဲ့ လင်ပန်းတွေထဲမှာ ပေါလောမျောနေတဲ့ ဟာတွေကို သာ
ရှင်တို့ မြင်မိသွားရင် ဟုတ်မှဟုတ်ပါလေစ လို့ ကိုယ့်မျက်စိကို တောင် မယုံနိုင်ဘဲ ဖြစ်သွားပါလိမ့် မယ်.....
ကျွန်မတော့ စာအိတ်တွေဆို ရင် လျှာနဲ့ မလျက်တာ နှစ်ပေါင်း များစွာ ကြာပါပြီကော..." ဟု အဲန်ဒီဟျူမ်း ကရေးသားဖော်ပြဖူးလေ၏။

လွန်ခဲ့တဲ့ ၃၂ နှစ်လောက်ခန့် က စာစီစာရိုက်တိုက်တစ်တိုက်မှာ ကျွန်မ အလုပ်လုပ်ဖူးတယ်...
ကျွန်မတို့ ကို စာစီစာရိုက်တိုက်ပိုင်ရှင် က "ဘယ်တော့မှ စာအိတ်တွေ ကို လျှာနဲ့ မလျက်ဖို့  " သတိ ပေးပြော ပေမယ့်
အစတုန်းကတော့ ဘာကိုဆို လို မှန်းနားမလည် ခဲ့ပါဘူး......တစ်နေ့ တော့ စာအိတ် အလုံး ၂၅၀၀ ယူဖို့ ဂိုဒေါင် ထဲကို
ကျွန်မသွားရပါတယ်.......အဲဒီမှာ စာရိုက်ပြီးသား( စာအိတ်ပေါ်မှာ company ၏ နာမည်ကို ဖော်ပြခြင်း၊ ပို့ သူ ...လက်ခံသူ
တို့ ၏ နာမည်များရေး ရန်နေရာများ ရိုက်ပေးထားခြင်း စသည်ကို ဆိုလိုပါသည်...) စာအိတ်တွေထည့်တဲ့ ပုံးနှစ်ပုံးထဲမှာ
ပိုးဟပ်တွေအုပ်စုလိုက်ဟိုပြေးဒီပြေး ပြေးနေတာ အများကြီးပဲ.........ဥတွေကလည်း နေရာတိုင်းပြန့် ကျဲနေတာ....
ပိုးဟပ်တွေက စာအိတ်က ကော် တွေကို လိုက်ပြီးစားနေတာလေ...

ဒီစာဖတ်ပြီးရင် သင်လည်းပဲ စာအိတ်ဖြစ်စေ၊ တံဆိပ်ခေါင်းဖြစ်စေ ဘယ်တော့မှ လျှာနဲ့ လျက်တော့မှာမဟုတ်ဘူး ဟုတ်တယ်မလား :P:D

Friday, November 27, 2009

"မြန်မာရိုးရာ စကားထာများ"

မေး နေ့ချွတ် ည၀တ်။
ဖြေ တံခါး မင်းတုပ်။

မေး အစိမ်းပေါ် အဖြူတင်၊ အဖန်လာမှ နီရောင်ဆင်။
ဖြေ ကွမ်းယာ။

မေး သူ့ကိုရိုက်တော့ ချာချာလည်၊ ကြိုးကိုဆွဲပြီး ငိုရှာတယ်။
ဖြေ ကြေးစည်။

မေး ကန်ထဲမှာရေ၊ ရေထဲမှာမြွေ၊ မြွေခေါင်းမှာရွှေ။
ဖြေ မီးခွက်။

မေး အညာကဆင်ဖြူ၊ အမွှေးထူ။
ဖြေ ကြက်သွန်ဖြူ။

မေး ဖူးခနဲထောင်၊ ဖောင်ခနဲလဲ၊ ရဲရဲနဲ့ တွဲလွဲဆွဲ။
ဖြေ ငှက်ပြောဖူး။

မေး သူ့အပင်နွဲ့ချောင်း မတက်ကောင်း၊ စားကောင်းပါရဲ့ ဖူးတံနဲ့။
ဖြေ ပြောင်းဖူး။

မေး ပ၀ါခြုံလုံပါပေ့၊ ဆံမြိတ်ချ လှပါပေ့၊ ကျောက်တန်းစီ ညီပါပေ့။
ဖြေ ပြောင်းဖူး။

မေး အသီးပေါ် အပင်ပေါက်၊ ခြေထောက်တစ်ချောင်းထောက်။
ဖြေ နာနတ်သီး။

မေး ခြုံကြားထဲက မင်းကုသ၊ ခေါင်းပေါင်းစနှင့်ထ။
ဖြေ နာနတ်သီး။

မေး တစ်နှစ်တစ်ခါ ပေါ်လို့လာ၊ ရာဇာမင်းလောင်း ထီးဖြူဆောင်း။
ဖြေ မှို။

မေး ဆုပ်လျှင် စူး၊ နမ်းလျှင် မူး၊ စားလျှင် ရူး။
ဖြေ ပဒိုင်းသီး။

မေး တို့နွားတစ်ကောင် ဘို့တစ်ထောင်။
ဖြေ ကြက်ဟင်းခါးသီး။

မေး တို့နွားတစ်ကောင် ဘို့တစ်ထောင် ခြေရာလည်းပျောက် ရေလဲနောက်။
ဖြေ ကြက်ဟင်းခါးသီး နှင့် ဆန်ဆေးရေ
(ကြက်ဟင်းခါးသီးချက်လျှင် ဆန်ဆေးရေနှင့်ဆေးပါက အခါးသက်သာသည်ဟု ဆိုကြသည်။)

မေး သူ့ပင်စည်က မြွေပွေးပြောက်၊ သူ့အသီးက ပြည်တောင်းလောက်။
ဖြေ သင်္ဘောသီး။

မေး နွားမတစ်ရာ ရေဆင်းလာ၊ ခြေရာလည်းပျောက် ရေလည်းနောက်။
ဖြေ ဆန်ဆေးသည်။

မေး ဖတ်လတ် ဖတ်လတ် ၂ ဖတ်လတ်၊ တွဲလွဲ တွဲလွဲ ၂ တွဲလွဲ၊
ဒေါက်လောက် ဒေါက်လောက် ၄ ဒေါက်လောက်။
ဖြေ ၂ ဖတ်လတ် = နားရွက် ၂ခု၊
၂တွဲလွဲ = နှာမောင်းနှင့်အမြီး။
၎ ဒေါက်လောက် = ခြေ ၄ ချောင်း။
ဆင်
မေး ရေမရှိ မြစ်လယ်ကောင်
ထင်းမရှိ တောင်သုံးတောင်
နှမမရှိ ခြောက်ယောက်မောင်

ဖြေ မေတ္တာတရား
အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော
အာရုံခြောက်ပါး။


မေး ပန်းဇော်တကို၊ နေ့ညမဆို၊ ဆင်စေလိုသည်၊ ဗဟိုရင့်ကျူး၊ နာရီမှူး။
ဖြေ ကြက်ဖ (ဗဟိုစည်နှင့် နာရီပမာ အချိန်မှန်မှန် တွန်ကျူးတတ်သည်။)

မေး ဆယ့်ခြောက်ပြည်ထောင် ပိုင်စိုး၊ မင်းမျိုးငဲ့ရာဇာ၊ ရှေးကုသိုလ် ကံမကောင်းတာကြောင့်
ခေါင်း ခြေ လက် မပါ။
ဖြေ တင်းတောင်း ( ၁၆ပြည်ဆံ့)

မေး သဒ္ဒါလည်း မတတ်၊ ပရမတ်လည်းမကျေ
လူရှေ့မှာလည်းနေ၊ မှန်လျှင် မှန်စေ၊ မမှန်လျှင် လျှာထုတ်ပြသည်။
ဖြေ ချိန်ခွင်

မေး ခြေရှစ်ချောင်း၊ ခေါင်းဘယ်ညာ၊ အမြီး ခါးလယ်မှာ။
ဖြေ ချိန်ခွင်

မေး ရေလယ်ကောင်သောင်ထွန်း၊ နတ်သမီးနေတဲ့ကျွန်း
ဖြေ ကျောက်ပျဉ်
မေး ချောင်ငယ်ကောက်ကောက်၊ ရေလယ်နောက်နောက်။
ဖြေ ကျောက်ပျဉ်။

မေး နတ်သမီးအိမ်တိုင် ပိုးမဖောက်နိုင်၊ ဖောက်ပြန်သော်လည်း တစ်ပေါက်တည်း။
ဖြေ အပ်

မေး ငုပ်ချည်ပေါ်ချည်၊ သူ့ဖင်ကို ကြိုးနဲ့ချည်။
ဖြေ အပ် နှင့် ချည်။

မေး နတ်သမီး တံတွေးပေါက် ကြက် မကောက်နိုင်။
ဖြေ နေပြောက်

မေး နွားနို့ တစ်ပန်းကန် တစ်ပြည်လုံးလျှံ။
ဖြေ လ နှင့် လရောင်

မေး နတ်သမီးအိမ်တိုင် သူခိုးမတက်နိုင်။
ဖြေ ငှက်ပျောပင်

မေး နတ်သမီးသောက်ရေကန် တံတိုင်း သုံးထပ်ရံ။
ဖြေ အုန်းသီး။

မေး မဖွပ်ဘဲဖြူ၊ မခပ်ဘဲ ပြည့်။
ဖြေ အုန်းသီး

မေး မဖွပ်ဘဲဖြူသည့် နတ်ပုဆိုး၊ မခပ်ဘဲပြည့်သည့် နတ်ရေအိုး။
ဖြေ အုန်းသီး

မေး ဒိုက်ခုတ်တော့ အုတ်ပေါ်၊ အုတ်ခုတ်တော့ ကြွေပေါ်၊
ကြွေခုတ်တော့ ရေပေါ်၊ ဘာသီးလဲနော်။
ဖြေ အုန်းသီး

မေး သွားတော့ ခွေခွေ၊ နေတော့ စင်းစင်း။
ဖြေ ခေါင်းခု။

မေး လေးထောင့်စပ်စပ်၊ သူ့မျက်နှာ ငါ့မှာကပ်။
ဖြေ မှန်

မေး အပင် နွဲ့နှောင်း၊ အသီးဖောင်းဖောင် မစားကောင်း။
ဖြေ ဆံပင်နှင့် သန်းဥ။

မေး ငါ့နွားနက်နက် ချုံပေါ်တက်၊ ချက်ချက်သံမျှ မကြားရ
ဖြေ ဆံပင်နှင့်သန်း

မေး သူ့အပင်က တစ်ရုံကြီး၊ သူ့အသီးက တစ်လုံးတည်း။
ဖြေ ဆံပင်နှင့် ဆံထုံး

မေး နှစ်ယောက်တစ်တွဲ၊ နေ့မှာခွဲ၊ ညဘက်ကျလျှင် ပြန်ပေါင်းချင်။
ဖြေ တံခါးရွက်။

Friday, November 13, 2009

"အေကေ-47 ရိုင်ဖယ်သေနက်ကိုတီထွင်ခဲ့သူ"


ကမ္ဘာကျော် အေကေ-47 ရိုင်ဖယ်သေနက်ကိုတီထွင်ခဲ့သူ ရုရှားစစ်တပ်မှ မီခေးလ်ကလပ်ရှ်နီကော့ဗ်သည် နိုဝင်ဘာ 10 ရက်နေ့က
အသက် 90 ပြည့်သွားပြီဖြစ်သဖြင့် ကရင်မလင်တွင် သူ့၏မွေးနေ့ပွဲ အခမ်းအနားကျင်းပခဲ့သည်။
ရုရှားသမ္မတ ဒီမီထရီမက်ဗီဒက်ဗ်က ထိုအခမ်းအနားတွင် မီးခေးလ်ကလပ်ရှ်နီကော့ဗ် အားရုရုားဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ် ပေးအပ်
ချီးမြှင့်ပေးခဲ့သည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း နာဇီတို့လက်ချက်ဖြင့် ဒဏ်ရာရပြီးနောက် သူက အေကေ-47 ရိုင်ဖယ်ဒီဇိုင်းကို တီထွင်ခဲ့သည်။
ယခုအခါ အဆိုပါလက်နက်ပေါင်း သန်း 100 ကျော်ကမ္ဘာ အနှံသုံးစွဲနေကြသည်။
ငယ်စဉ်ကမှု မီးခေးလ်ကလပ်ရှ်နီကော့ဗ် သည်ကဗျာဆရာဖြစ်ရန် ဆန္ဒရှိခဲ့သူဖြစ်ကြောင်း သိရသည်။

Friday, October 30, 2009

“ဆင်မကြီးမှ ဆင်ပေါက်လေး မွေးဖွားပုံ”

ဗဟုသုတ အဖြစ် တင်ပေးခြင်းဖြစ်ပါသည်.. အဆင်ပြေစွာကြည့်ရူ့ နိုင်ပါစေ (oval)

Tuesday, October 27, 2009

“အိုပတ် (OPEC) ဆိုသည်မှာ”


နိုင်ငံစုံရေနံကုမ္မဏီကြီးများ အုပ်စိုးထိန်းချုပ်သည့် ရေနံဈေးကွက်တွင် ၀င်ဆံ့ရန် ရေနံရောင်းနိုင်ငံများက ၁၉၆၀ပြည့်နှစ်တွင်
ရေနံရောင်းနိုင်ငံများအဖွဲ့ (အိုပတ် Organization of the Petroleun Exporting Countries) ကိုဖွဲ့စည်းလိုက်သည်။
စတင်ဖွဲ့စည်းစဉ်က အီရန်၊ အီရက်၊ ကူဝိတ်၊ ဆော်ဒီအာရေဗျနှင့် ဗင်နီဇွဲလားနိုင်ငံတိုဖြင့် ဖွဲ့စည်းခြင်းဖြစ်သည်။
နောက်ပိုင်းတွက် ကာတာ၊ အင်ဒိုနီးရှား၊ လစ်ဗျား၊ အာရပ်စော်ဘွားများနိုင်ငံ(ယူအေအီး) ၊အယ်ဂျီးရီးယား၊ နိုင်ဂျီးရီးယား၊ အီကွေဒါ၊
အင်ဂိုလာနှင့် ဂါဘွန်နိုင်ငံတို့ အဖွဲ့ဝင်ဖြစ်လာသည်။
၁၉၆၅ ခုနှစ်ကတည်းက အိုပတ်ဌာနချုပ်(အပေါ်ပုံ)ကို ဗီယင်နာမြို့တွင်ထားရှိသည်။
လောလောဆယ်တွင် အိုပတ်အဖွဲ့ဝင်နိုင်ငံများက ကမ္ဘာ့ရေနံစိမ်း၏ ၄၅%နှင့် သဘာဝဓာတ်ငွေ့ ၁၈% ကိုထုပ်လုပ်ပေးသည်။
အဖွဲ့ဝင်နိုင်ငံများက ပြည်တွင်းရေနံလုပ်ငန်းကို ပိုမိုထိန်းချုပ်လာသည့်အတွက် ၁၉၇၀ ပြည့်လွန်နှစ်များမှစပြီး နိုင်ငံတကာတွင် ထင်ရှားလားသည်။

Monday, October 19, 2009

“ကျန်းမာရေးအတွက် တိုဟူး”



တိုဟူးသည် ပရိုတိန်းအသားဓာတ်ကြွယ်ဝသည့် အစားအစာအဖြစ်သည်။
ထို့ပြင် ကျန်းမာရေး ကောင်းမွန်ရန် မရှိမဖြစ်လိုအပ်သော အခြားအာဟာရဓာတ်များလည်း တိုဟူးတွင်ပါဝင်သည်။
တိုဟူးကို ပုံမှန်စားသုံးပါက ကိုလက်စထရောအဆီဓာတ်ကို လျှော့ချပေးနိုင်ကြောင်း သုသေသနပြုချက်များအရ သိရသည်။
တိုဟူးသည် နှလုံးရောဂါဖြစ်မည့် အန္တရာယ်ကို လျှော့ပါးအောင် များစွာအထောက်အကူဖြစ်စေသည်။
အမျိုးသမီးများ မီးယပ်သွေးဆုံးနှင့်ယှဉ်သည့်ရောဂါ လက္ခဏာများ လျှော့ပါးအောင်လည်း စွမ်းဆောင်နိုင်သည်ကိုတွေ့ရသည်ဟုဆို၏။
တိုဟူးတွင် ကယ်စီယမ်ဓာတ်များစွာ ပါဝင်သည့်အတွက်လည်း အရိုးခိုင်မာမှု့ကို အာပေး အထောက်အပံ့ဖြစ်စေသည်ဆိုဟု မြန်မာ့အလင်းသတင်းစာ အင်တာနက်ကျန်းမာရေးတွင်ဖော်ပြထားသည်။

Sunday, October 18, 2009

“ မှို အကြောင်းဗဟုသုတ”

မှိုသည် အများအားဖြင့် ပူနွေးသော ရာသီဥတုမှ စိုစွတ်ထိုင်းမှိုင်းသော မိုးဥတုသို့အကူးတွင် သစ်ပင် ၀ါးပင် တောင်ပို့နှင့် အခြားမြေအချို့တွင် ပေါက်တတ်သည်။
မှိုကို ဟင်းချက်သောအခါ ငြုပ်သီးစပ်စပ်ကလေး ထည့်ချက်ခြင်း၊ ကန်စွန်းရွက်များ စသည်ဖြင့် ထည့်ချက်လေ့ရှိကြသည်။
ငြုပ်သီး၊ ကန်စွန်းရွက် ထည့်ချက်ခြင်းမှာ မှိုတောက်ခြင်း အဆိပ်သင့်ခြင်းမှ ကင်းဝေး စေရန်ဖြစ်သည်။
ကောက်ရိုးမှိုသည် ရာသီမရွေး စိုက်ပျိုးနိုင်သဖြင့် ယခုအခါတွင် ကောက်ရိုးမှိုကို ရာသီမရွေး စားသုံးနိုင်သည်။

စားကောင်းသောမှိုများ
ကောက်ရိုးမှို၊ မှိုကြက်တောင်၊ ငှက်ပျောမှို၊ တောင်ပို့မှို(ခြေတို၊ ခြေရှည်)၊
ဖက်ဆွတ်မှို(မှိုဖြူလေး) ကြက်တူရွေးမှို၊ မှိုသားပိုက်၊ မှိုဆန်ကွဲ၊ မှိုကျောက်ခဲ၊ မှိုခြေတံရှည်၊
မှိုနီ၊ မှိုပြင်းတွဲ၊ မှိုဖြူ၊ မှိုအုန်းနက်၊ (မှို၏ထိပ်တွင် နက်သောအကွက်လေးရှိသည်။)၊ မြက်ကြားမှို၊
သပြေမှို၊ မြေပဲမှို၊ ၀ါးမှို၊ ကိုင်းမှို၊ အင်မှို၊ ဆင်ခြေသည်းမှိုနှင့် သရက်မှို(မှိုခြောက်များပြုလုပ်သည်)၊
စသောမှိုများသည် စားကောင်းသောမှိုများဖြစ်သည်။

မစားကောင်းသောမှိုများ
ကြက်ခူမှို၊ မှိုကွန်ခြာ၊ ခွေးလေးမှို၊ နှင့် နွားခြေးမှိုတို့သည် မစားကောင်းသောမှိုများဖြစ်ကြသည်။
ထို့အပြင် အချို့မှိုများမှာ စားကောင်းသောမှိုဖြစ်သော်လည်း အဆိပ်သင့်စေသဖြင့် စမ်းသပ်ပြီးမှ ချက်စားသင့်သည်။။


စမ်းသပ်ပုံ
မှိုများရရှိသောအခါ အရိုးကိုလက်ဖြင့် ဖျစ်ကြည့်လျှင် ကြေမွသားလျှင် မစားကောင်းပါ။
စားကောင်းသောမှိုများသည် ကြေမွသွားခြင်းမရှိပါ။

မှိုပေါ်သို့ ဆားအနည်းငယ် ဖြူးကြည့်သောအခါ မည်းသွားလျှင် မစားရပါ။
စားကောင်းသော မှိုသည် ဆားထိရုံနှင့် မည်းသွားလေ့ မရှိပါ။

မှိုကိုလက်ဖြင့် ဖျစ်ကြည့်လျှင် သွေးရောင်ပြောင်းသွားလျှင် မစားကောင်းပါ။
စားကောင်းသောမှိုမှာ အရောင်မပြောင်းပါ။

မှိုကိုဓားဖြင့်ဖြတ်သောအခါ ပြာနှမ်းသွားလျှင် မစားရပါ။
စာကောင်းသောမှိုမှာ မပြာနှမ်းပါ။

မှိုကို ဆားရည်တွင် စိမ်ကြည့်သောအခါ နက်လာလျှင် မစားကောင်းပါ။
စားကောင်းသောမှိုမှာ မနက်ပါ။

အထူသဖြင့် ခြေခြင်းပါသော မှိုများသည် မစားကောင်းပါ။
စားကောင်းသော မှုမှာ ခြေခြင်းပါလေ့မရှိပါ

မှိုနှင့်ရောစပ်မစားကောင်းသော အစာများ
ကြက်ဟင်းခါးသီး
ကြက်ဥ
ခံသီး
ငှက်ပျောသီး
နို့အမျိုးမျိုး
ဖောင်စီးကဏန်း
ယုန်သား
စသည်တို့ကို ရောစပ်ရွေ့မစားရပါ. မီးဖွားပြီးစ အမျိုးသမီးများအနေဖြင့် မှိုတစ်နှစ် မျှစ်သုံးလ မစားသင့်ကြောင်း ရှေးလူကြီးများက ပြောလေ့ရှိသည်။

မှိုဟင်းမစားသင့်သော အခြားသူများ
ခြေအေးရွေ့ အထက်သို့ အခိုးတက်ပြီးဖြစ်တတ်သော နှာပိတ်၊ နှာမွှန်ရောဂါ၊ နား၊ မျက်စိ၊ ခေါင်းကိုက်ရောဂါ၊ ခေါင်းဦးရေကျိမ်းသောရောဂါရှိသူများသည် မစားသင့်ပါ။

မှိုဆိပ်ဖြေနည်း
မှိုဆိပ်တက်ရွေ့ တောက်ခဲ့လျှင် ထန်းလျှက်စားပေးပါ။ သံပုရာရည်ကို လျှက်ပေးပါ။ သို့မဟုတ် မှိုနတိုရွက်စိမ်းရည်ကို တိုက်ပေးပါ။ မရိုးခေါ် ဖြူကြီးအခေါက် တစ်မတ်သားခန့် သွေးရွေ့တိုက်ပါ။ ကျီးအာမြစ်ကို ဆားနှင့်သွေးရွေ့ လျှာကိုပွတ်ပေးပါ။ အစာများ ပြန်အန် ကျလာမည်ဖြစ်သည်။ ထို့အပြင်ထန်းလျှက်ပြုတ်ရည် ပူပူနွေးနွေးတိုက်ပေးပါကလည်း မှိုတောက်ခြင်း အဆိပ်ဖြစ်ခြင်းမှ ကာကွယ်နိုင်သည်။

မှိုနှင့်ဆေးဝါး
ဝါးရုံနက်(သို့မဟုတ်)ကြခတ်ဝါးရုံ၏ ပင်ခြေမှပေါက်သော ပန်းရင့်ရောင်မှိုများကို ဖဲ့ယူပြီး ရေးစင်စွာဆေးရွေ့ ထန်းလျှက်သို့မဟုတ် ပျားရည်ဖြင့် သေးငယ်သောအလုံးလေးများ ပြုလုပ်ပြီး ကလေးငယ်များကို ကျွေးပါက ၀မ်းတွင်းရှိ သန်လုံး၊ သန်ပြားနှင့် တုတ်ကောင်များ နောက်တစ်နေ့ဝမ်းသွားသောအခါ အထွေးလိုက် ကျဆင်းပါသည်။ ၀ါးမှိုဆိုရာတွင် ကြခတ်ဝါးမှိုက ပိုဆေးဘက်ဝင်သည်။ သို့သော် မှိုကို သံထည်ပစည်းတို့ လုံးဝမထိရန် သတိပြုရမည်။

Thursday, October 15, 2009

“နေ့ချင်းထပ်ရင် မြတ်သလား”

မွေးနေ့ချင်းတူတဲ့ အိမ်ထောင်ဖက်တွေဟာ ကံကောင်းတတ်ကြတယ်လို့ ဆိုတဲ့ အယူအဆကြောင်း နေ့ချင်းထပ်ရက်မြတ်တယ်ဆိုတဲ့ ဆိုရိုးတစ်ခုပေါ်လာပါတယ်
ရှေးဟောင်းလောကီကျမ်းတွေရဲ့ အဆိုကို နေ့ချင်းထပ်ထားသူတွေ၊ ထပ်ချင်သူတွေ၊ ထပ်ဖို့ရည်ရွယ်သူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်
သူငယ်ချင်းတွေ အားလုံး ဗဟုသုတ ရစေလို့ သောကြောင်း တင်ထားတာပါ

တနင်္ဂနွေ- တနင်္ဂနွေ
`ဂဠုန်နှစ်သွယ်၊ မောင်နှင့်မယ် ပေါကြွယ်ဥစ္စာဌေး´
ရယ်လို့ အဆိုရှိတာကြောင့်တနင်္ဂနွေသားနဲ့တနင်္ဂနွေသားချင်း ဖူးစာဖက်ရင် ဓနဥစ္စာပေါကြွယ်ပါလိမ့်မယ်

တနင်္ဂလာ-တနင်္ဂလာ
`ကျားနှင့်ကျားမှာ ဦးချမ်းသာ၊ နောင်လာဒုက္ခရေးတဲ့´
အိမ်ထောင်ဦးကာလမျာ ပျော်/ရွင်ချမ်းမြေ့ဖွယ်ရာဖြစ်နိုင်ပေမဲ့ အိမ်ထောင်သက်ရင့်လာတာနဲ့အမျှ နားလည်ခွင့်လွတ်သည်းခံမှုမရှိရင် ဒုက္ခတွေ့ရတတ်ပါတယ်လို့ သတိပေးထားပါတယ်။

အင်္ဂါ-အင်္ဂါ
`ခြင်္သေ့နှစ်တန်၊ပေါင်းတုံပြန်၊ ရင်နှင့်ကွာမဝေး´ ဆိုတာကြောင့်
အင်္ဂါသားသမီးအချင်းချင်း ချစ်သက်နှံရင်ဖြင့် အိုအောင်မင်းအောင် ပေါင်းရတတ်ပါတယ်

ဗုဒ္ဓဟူး-ဗုဒ္ဓဟူး
`ဟိုင်းနှင့်ကားဆင်၊ ပေါင်းဖက်လျှင် ရှည်ပင်မမြဲသေး´လို အဆိုရှိတာကြောင့်ဗုဒ္ဓဟူးသားသမီးချင်း မေတ္တာသက်ဝင်ချစ်ခင်တဲ့ ချစ်သူဘ၀မှာတင် တစ်ဦးနဲ့တစ်ဦး နားလည်ခွင့်လွှတ်နိုင်အောင်ကြိုးစားထားပါမှ တော်ကာကျမယ့်သဘောပါ။

ကြာသပတေး-ကြာသပတေး
`ကြွက်မင်း၏နံ၊ နေ့ချင်းပန်၊ သက်ပန်ချမ်းသာကြည်အေး` တဲ့
ကြာသပတေးသားသမီးချင်း အိမ်ထောင်ဖက်ထားသူတေါ ဘ၀တစ်သက်တာ စိတ်အေးချမ်းသာစရာဖြစ်ပါလိမ့်မယ်။

သောကြာ-သောကြာ
`ပူးနှင့်ပူးမှား၊ ငြင်းတတ်စွာ၊ ဒုက္ခာမောက်လို့ထွေး´ဆိုတာကြောင့် သောကြာသားသမီးစုံတွဲတွေဟာ မသင့်မြတ်သက်ပါဘုး၊ ငြင်းတာခုံတာကိုလျော့မှ အိမ်ထောင်ရေးမြဲမဲ့သဘောဖြစ်ပါတယ်။

စနေ-စနေ
`နဂါးနှင့်မြွေ၊ ရန်မိုးစွေ၊ နောင်လာမေတ္တာဝေး´ လို့ဆိုထားတာကြောင့် သတိထားသင့်တဲ့ ဖူးစာဖက်ပါပဲ

Wednesday, July 22, 2009

"မှတ်သားခဲ့ရတဲ့ အချက်(၁၁)ချက်"

၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။

၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။
အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့
လောကကြီးက ပိုမျှော်လင့်တယ်။

၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း
ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက်
ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။

၎) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင်
တစ်နေ့ခင်ဗျားတို့ ကုမ္ပဏီသူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။
သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။

၅) ဟမ်ဘာဂါဆိုင်မှာ အလုပ်လုပ်လို့ ကိုယ့်ကို အသုံးမကျဘူးလို့ မထင်နဲ့။
ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။
အဲဒါက "အခွင့်အရေး" တဲ့။

၆) ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့်
ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့။ အမှားထဲက သင်ယူပါ။

၇) ခင်ဗျားမမွေးဖွားခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။
သူတို့ အခုလို ထိုင်းမှိုင်းရတာက ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့၊
ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့၊ ကိုယ့်ကိုယ်ကိုတော်ကြောင်း အပြောကြီးတဲ့
ခင်ဗျားရဲ့စကားကို နားထောင်နေရလို့ဖြစ်တယ်။ ဒါကြောင့်
ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို ခင်ဗျား
ပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ရာကို
အရင်သန့်ရှင်းလိုက်ပါ။

၈) ကျောင်းမှာ နိုင်သူနဲ့ ရှုံးသူဆိုတာရှိတယ်။ ဘဝမှာ မရှိဘူး။ ကျောင်းက
ခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။
တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။

၉) တီဗွီထဲ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။ တကယ့်ဘဝက လူတိုင်း
ကော်ဖီဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။

၁ဝ) စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ထဲက
တစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်။

၁၁) လူ့ဘဝမှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။
ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကို ညှိနှိုင်းပေးမှာမဟုတ်ဘူး။
ဒါကြောင့် ကိုယ့်အားလပ်ချိန်ကို အသုံးပြုပါ။

Monday, May 25, 2009

“အချိန်ရဲ့တန်ဖိုး”

တစ်နှစ်ရဲ့တန်ဖိုးကိုသိချင်ရင်
စာမေးပွဲကျတဲ့ကျောင်းသားကိုမေး ကြည့်ပါ...။
တစ်လရဲ့တန်ဖိုးကိုသိချင်ရင်
လမစေ့ဘဲ ကလေးမွေးတဲ့မိခင်ကိုမေးကြည့်ပါ...။
တစ်ပတ်ရဲ့တန်ဖိုးကိုသိချင်ရင်
အပတ်စဉ်ထုတ်ဂျာနယ်အယ်ဒီတာကိုမေးကြည့်ပါ....။
တစ်နေ့ရဲ့တန်ဖိုးကိုသိချင်ရင်
ကလေးခြောက်ယောက်ကိုကျွေးမွေးနေရတဲ့ နေ့စားအလုပ်သမားကိုမေးကြည့်ပါ.။
တစ်နာရီရဲ့တန်ဖိုးကိုသိချင်ရင်
ဆုံဆည်းခွင့်ကို စောင့်နေကြတဲ့ ချစ်သူများကိုမေးကြည့်ပါ....။
တစ်မိနစ်ရဲ့တန်ဖိုးကိုသိချင်ရင်
ရထားမမီလိုက်တဲ့ ခရီးသည်ကိုမေးကြည့်ပါ....။
တစ်စက္ကန့်ရဲ့ တန်ဖိုးကိုသိချင်ရင်
ယဉ်တိုက်မှုနဲ့သီသီလေးလွဲသွားတဲ့ ဒရိုင်ဘာကိုမေးကြည့်ပါ....။
တစ်မီလီစက္ကန့်ရဲ့တန်ဖိုးကိုသိချင်ရင်
အိုလံပစ်ငွေတံဆိပ်ရှင်ကိုမေးကြည့်ပါ...။

Monday, April 20, 2009

“ကမ္ဘာ့လူဦးရေအား ချုံ့ကြည့်ခြင်း”

(ကျနော် ဖတ်ခဲ့ရတာလေးပါ မသိသေးတဲ့ သူငယ်ချင်း တွေကိုလည်း သိစေချင်ပါတယ်)

ကမ္ဘာ့လူဦးရေအား ချုံ့ကြည့်ခြင်း
အမေရိကန် Stanford University ရဲ့ ဆေးဝါးသုတေသနငှာနက မစ္စတာ Phillip Marterဟာ လွန်ခဲ့တဲ့ နှစ်ဝက်က ဖိုရမ်တစ်ခုမှာ ပို့စ်တစ်ခုကို တင်ခဲ့တယ်။ ပို့စ်ရဲ့အကြောင်းရင်းက ကမ္ဘာပေါ် ရှိသမျှလူဦးရေကို ၁ဝဝယောက်လို့ သတ်မှတ်ပြီး အဲဒီအရေအတွက်နဲ့ လူတွေကို အချိုးချကြည့်တာပဲဖြစ်တယ်။

၁) အာရှလူမျိုး ၅၇ ယောက်၊ ဥရောပလူမျိုး ၂၁ ယောက်၊ အမေရိကားလူမျိုး ၁၄ ယောက်၊ အာဖရိကလူမျိုး ၈ယောက်

၂) ယောကျာ်းလေး ၅၂ ယောက်၊ မိန်းကလေး ၄၈ ယောက်

၃) လူဖြူအယောက် ၃ဝ၊ တစ်ခြားအရောင် ၇ဝယောက်

၎) ခရစ်ယာန် ကိုးကွယ်သူ ၃ဝ ယောက်၊ အခြားဘာသာကိုးကွယ်သူ ၇ဝ ယောက်

၅) လိင်ကွဲချစ်ကြိုက်သူ ၈၉ ယောက်၊ လိင်တူချစ်ကြိုက်သူ ၁၁ ယောက်

၆) ၅၉% ရှိတဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်သူ ၆ယောက်၊ အဲဒီ ၆ယောက်လုံးက အမေရိကားသားတွေဖြစ်တယ်။

၇) ထင်သလို ဖြစ်မလာတဲ့ အိမ်ထောင်ရေး အယောက် ၈ဝ

၈) စာမတတ်သူ ၇ဝ ယောက်

၉) အာဟာရ မပြည့်ဝသူ ၅ဝယောက်

၁ဝ) သေခါနီးဆဲဆဲ ၁ယောက်၊ မွေးဖွားနီးဆဲဆဲ ၁ ယောက်

၁၁) ဘွဲ့ရသူ ၁ယောက်

၁၂) ကွန်ပြူတာ ပိုင်ဆိုင်သူ ၁ယောက်

ချုံ့လိုက်တဲ့ လူဦးရေရူထောင့်ကနေ ကမ္ဘာကြီးကို ကြည့်မယ်ဆိုရင် ဒီကမ္ဘာကြီးမှာ နားလည်လက်ခံခြင်း၊ ခွင့်လွတ်ခြင်းနဲ့ သင်ကြားမှုတွေ လိုကြောင်းကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။ ပိုပြီး ရှင်းလင်းစွာ တွေ့နိုင်တာက....

အကယ်၍ သင်ဟာ မနက်စောစောမှာ ကျန်းကျန်းမာမာနဲ့ ထလာနိုင်သေးတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ လူဦးရေ ၁ဝသိန်းဟာ တစ်ပတ်တောင် အသက်မရှင်နိုင်ခဲ့လို့ပါပဲ။

အကယ်၍ သင်ဟာ စစ်ပွဲအန္တရာယ်တွေ မကြုံဖူးသေးဘူး၊ ထောင်ရဲ့ အထီးကျန်တဲ့အရသာ၊ နိုင်လိုညှင်းဆဲ နာကျင်မှု၊ ဆာလောင်မှုတွေကို မခံစားခဲ့ဖူးဘူးဆိုရင် သင့်အစား ဝမ်းသာပါတယ်။ လူဦးရေ သန်း၅ဝဝ ထက် သင်ဟာ ကံကောင်းတဲ့သူ ဖြစ်ခဲ့လို့ပါပဲ။

အကယ်၍ သင်ဟာ ဘာသာရေးပွဲတော်တွေမှာ အနှောင့်အယှက်ခံဖို့ စိတ်မပူခဲ့ဘူး၊ အဖမ်းခံ မထိခဲ့ဖူးဘူး၊ မသေခဲ့ဘူးဆိုရင် သင့်အစား ဝမ်းသာပါတယ်။ လူဦးရေ သန်း၃ဝဝဝထက် သင်ဟာ လွတ်လပ်ခွင့်ရနေလို့ပါပဲ။

အကယ်၍ သင့်ရေခဲသေတ္တာထဲမှာ စားစရာတွေရှိတယ်၊ ဝတ်ဖို့အဝတ်အစားတွေ ရှိတယ်၊ နေစရာ အိမ်ရှိတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ သင်ဟာ ကမ္ဘာပေါ်ရှိလူဦးရေ ၇၅%ထက် ချမ်းသာနေလို့ပါပဲ။

အကယ်၍ သင့်မှာ ငွေစုစာအုပ်ရှိတယ်၊ အိတ်ထဲမှာ ပိုက်ဆံရှိတယ်၊ အကြွေတွေရှိတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ သင်ဟာ ကမ္ဘာ့လူဦးရေ ၈% ထဲ လူချမ်းသာ စာရင်းဝင်နေလို့ပါပဲ။

အကယ်၍ သင့်မိဘတွေ သက်ရှိထင်ရှားရှိသေးတယ်၊ သင်ဟာ မိဘစုံလင်နဲ့ နေထိုင်သူဖြစ်တယ်ဆိုရင် သင်ဟာ ကံကောင်းသူပါ။

အခုဒီစာကို သင်ဖတ်နေတယ်ဆိုရင် သူဟာ ကံကောင်းသူ နှစ်ထပ်ကွမ်းပါ။ လူဦးရေ သန်း၂ဝဝဝဟာ စာမဖတ်တတ်လို့ပါပဲ။

အလုပ်အတွက် စိုးရိမ်ကြောင့်ကြနေစရာ မလိုဘူး။ ငွေကြေးမပြည့်စုံမှာ စိုးရိမ်သောက ဖြစ်နေစရာ မလိုဘူး။ ထိခိုက်နာကျင်ခဲ့ဖူးပါစေ လူတွေကို အကြင်နာတွေ ဖြန့်ပါ။ စိတ်ကို ပျော်ရွှင်အောင် ထားပါ။ ဘယ်သူဘာပြောပြော ငြိမ်းချမ်းတဲ့ သံစဉ်ကို ဟစ်အော်ပြီး လူ့ဘုံမှာ ပျော်ပျော်ရွှင်ရွှင် နေလိုက်ကြပါ။

Thursday, March 26, 2009

“ပိုက်ဆံရဲ့ သဘောတရားအမှန်”

ပိုက်ဆံရှိရင် အိမ်ဝယ်လို့ ရတယ်၊
ဒါပေမယ့်နားခိုရာကိုတော့ ငွေနဲ့ ဝယ်လို့ မရဘူး။

ပိုက်ဆံရှိရင်စာအုပ်ဝယ်လို့ ရတယ်၊
ဒါပေမယ့် ပညာကိုငွေနဲ့ ဝယ်လို့ မရဘူး။

ပိုက်ဆံရှိရင်နာရီဝယ်လို့ ရတယ်၊
ဒါပေမယ့် အချိန်ကိုငွေနဲ့ ဝယ်လို့ မရဘူး။

ပိုက်ဆံရှိရင်အပျော်ရှာလို့ ရတယ်၊
ဒါပေမယ့် အချစ်ကိုငွေနဲ့ ဝယ်လို့ မရဘူး။

ပိုက်ဆံရှိရင် အာမခံထားလို့ ရတယ်၊
ဒါပေမယ့် လုံခြုံမှုကိုငွေနဲ့ ဝယ်လို့ မရဘူး။

ပိုက်ဆံရှိရင်ကုတင်ဝယ်လို့ ရတယ်၊
ဒါပေမယ့် အိပ်ပျော်အောင်ငွေနဲ့ လုပ်လို့ မရဘူး။

ပိုက်ဆံရှိရင်ဆေးဝယ်လို့ ရတယ်၊
ဒါပေမယ့် ကျန်းမာအောင်ငွေနဲ့ လုပ်လို့ မရဘူး။

ပိုက်ဆံရှိရင် လူရာဝင်တယ်၊
ဒါပေမယ့် လူရိုသေအောင် ငွေနဲ့ လုပ်လို့ မရဘူး။

ပိုက်ဆံရှိရင်စားစရာဝယ်လို့ ရတယ်၊
ဒါပေမယ့် ခံတွင်းလိုက်အောင်ငွေနဲ့ လုပ်လို့ မရဘူး။

ပိုက်ဆံရှိရင် သွေးဝယ်လို့ ရတယ်၊
ဒါပေမယ့် အသက်ကိုငွေနဲ့ ပေးဝယ်လို့ မရဘူး။

တွေ့ တယ်နော်….
ငွေရှိရင် ဘာမဆိုဖြစ်တယ်ဆိုတာဟုတ်လို့ လား….
ခင်ဗျားမှာထားစရာမရှိအောင်များနေရင်
ကျုပ်ကို နည်းနည်းပါးပါးပေးလိုက်ပါတော့လား…. :D :D

Sunday, February 1, 2009

“ေသြး အမ်။ိုးစား စိတ်နေစိတ်ထားလေးများ”

ဖတ်ခဲ့ရတဲ့သွေး အမျ။ိုးစား စိတ်နေစိတ်ထား လေးတွေပါ..

အေသွေးပိုင်ရှင်များ

အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတိုင်းပါ..
ငယ်စဉ်ဘ၀မှာတော့ သူတပါးကို စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ
ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့... သူတပါးကို နောက်ပြောင်ရတာကိုလဲ
ကြိုက်နှစ်သက်ပါသတဲ့... ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က
စရိုက်သဘာဝများက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး သူများတကာတွေ
အံ့အားသင့်လောက်အောင် အေးဆေးတည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့...
အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့် အရာအားလုံးကို တာဝန်သိစွာ
လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့... တခါတလေ ပတ်ဝန်းကျင် အခြေအနေ
မကောင်းတဲ့ အခါမှာ စိတ်လေလွင့်တတ်ပါတယ်တဲ့... အသစ်အဆန်းတွေကို
စမ်းသပ်လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း
ကျင်လည်ရတာကို နှစ်သက်သူများ ဖြစ်ကြပါတယ်... အလုပ်တစ်ခုကို
လုပ်ပြီဆိုရင်လည်း အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက် အဆင့်လိုက်
တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ... သပ်သပ်ရပ်ရပ်
စေ့စေ့စပ်စပ်နဲ့ အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ...
နေ့စဉ်နေ့တိုင်း လုပ်နေကြ အလုပ်တွေကိုပဲ လုပ်နေတတ်လို့ အသစ်အဆန်းကို
မရှိဘူးလို့ အပြောခံရတာကိုလည်း ခံရတတ်ပါတယ်... ဒါ့အပြင် ဘယ်လို
အခြေအနေမျိုး မဆို ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ
ပြတ်သားလွန်းတာကြောင့် မာဆတ်ဆတ်နိုင်တယ်... ဘုကြတယ် ဆိုပြီး
အပြောခံရတာမျိုးလည်း ရှိနိုင်ပါတယ်...

အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့ တနေ့တာအတွင်း
ပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ် မှန်သမျှကို စနစ်တကျ ဆောင်ရွက်တတ်ပေမယ့်
စိတ်ရှုတ်လွယ်တဲ့ လူမျိုးတွေပါတဲ့... ကိုယ်နဲ့ ဆက်ဆံနေတဲ့ လူတွေကို
နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါကို ပျော်ရွှင်မှုပေးချင်ကြသူများ
ဖြစ်ပါတယ်... တခါတလေမှာတော့ သူများကို မယုံမကြည် ဖြစ်တတ်လို့
ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောဘဲလည်း နေတတ်ပါသတဲ့... ဒီလို
မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ
တစ်ချပ်ချထားပြီး ဆက်ဆံတတ်ကြပါတယ်တဲ့... ဒီသဘာဝလေးကတော့ သူတို့ရဲ့
မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့... ဘ၀ရဲ့ အနှစ်သာရကို တစ်နေရာမှာဘဲ
မရှာဘဲ အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့... အားလပ်တဲ့ အခါမှာ
လျှောက်လည်ရတာကိုလည်း နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကိုလည်း
မနှမျောပါဘူးတဲ့... တစ်ယောက်တည်း သီးသန့်

ကမ္ဘာလေးကို တည်ဆောက်ချင်သူများ ဖြစ်ပါတယ်... အထက်လူကြီးရဲ့
အဆူခံရတာမျိုးကို ခံပြီးပြီဆိုရင် မေ့လို့ မရဘဲ စိတ်ထဲမှာ
သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများရှိနေတတ်ပါတယ်...
ဒေါသထွက်တဲ့အခါမှာလည်း ဒေါသကို ဖော်ပြလေ့မရှိတာကြောင့် စိတ်ဖိစီးမှု
ပိုများတာ ဖြစ်ပါတယ်... စိတ်ဖိစီးမှုတွေများနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့
နေရက်တွေလည်း ရှိတတ်ပါတယ်တဲ့... ဒါကြောင့်မို့ စိတ်ထဲက
မကြေနပ်ချက်လေးတွေကို တခါတလေ ဖော်ပြဘို့ လိုပါတယ်..

ဒီကနေ့ ဖော်ပြပေးလိုက်တာကတော့ အေသွေးပိုင်ရှင်များရဲ့ စရိုက်သဘာဝများဘဲ
ဖြစ်ပါတယ်... ကျွန်တော်နဲ့ ကျွန်မက စံ ဇာဏီဘို မဟုတ်ပေမယ့် စိတ်နှလုံး
အပန်းဖြေနိုင်ရန် အတွက် ဖော်ပြပေးလိုက်ပါတယ်... နောက်နေ့
နောက်နေ့တွေမှာတော့ ကျန်နေသေးတဲ့ သွေးအုပ်စုများ အကြောင်းကို ဆက်လက်
တင်ပြသွားပါဦးမည်...

ဘီသွေးပိုင်ရှင်များ

ဒီနေ့တော့ ဘီသွေးပိုင်ရှင်များရဲ့ စိတ်နေသဘောထားများကို တင်ပြမှာ ဖြစ်ပါတယ်

ဘီသွေးပိုင်ရှင်များကတော့ အရမ်းငယ်စဉ်မှာတော့ သွက်လက်ဖျက်လတ်ပြီး
တက်တက်ကြွကြွနဲ့ လှုပ်ရှုားတတ်ပေမယ့် ကျောင်းစတတ်တဲ့ အရွယ်လောက်ကစပြီး
ပတ်ဝန်းကျင်က လူတွေနဲ့ လိုက်လျောညီထွေအောင် မနေတတ်ဘဲ
လေလွင့်နေတတ်ပြန်ပါသတဲ့... ဒါပေမယ့် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီ
ဆိုရင်တော့ အားလုံးထက် ပိုပြီး ကြိုးကြိုးစားစားနေတတ်ကြတဲ့
သူများဖြစ်လို့ ရှုံးနိမ့်မှုကို မကြောက်ဘဲ မပြတ်သော ဇွဲလုံ့လနဲ့သာ
ဆက်လက်ပြီး ကြိုးစားပါ... ကိုယ်သဘောကျတဲ့ အလုပ်တစ်ခုတည်းမှာဘဲ
အာရုံအားလုံးကို နှစ်မြုပ်ထားတတ်တဲ့ စတိုင်လ် ဖြစ်ပါတယ်... ဒါပေမယ့်
ပတ်ဝန်းကျင် အခြေအနေက မပေးခဲ့ဘူးဆိုရင်တော့
သိပ်မကြိုးစားတတ်ကြပါဘူးတဲ့... ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး
ပြောရမယ်ဆိုရင်တော့ ဘီသွေးပိုင်ရှင်များဟာ သတ်မှတ်ထားတဲ့ ပုံစံအတိုင်း
ဆက်ဆံရတာမျိုးကို မနှစ်သက်ကြပါဘူး... ကိုယ်နဲ့ သိပ် မခင်လှတဲ့
မိတ်ဆွေတွေနဲ့ အတူရှိတဲ့ အချိန်မှာတော့ ဟန်မပျက် အလိုက်တသင့်
နေတတ်ကြသူများလည်း ဖြစ်ပါတယ်... မျက်နှာခွဲခြားတတ်ပြီးတော့ တခြားသူတွေရဲ့
ရှေ့မှာ လူတတ်လုပ်ရတာမျိုးကိုလည်း မနှစ်သက်တတ်ကြပါဘူး...
ဘီသွေးပိုင်ရှင်များဟာ ပုံစံခွက်ထဲမှာ ချုပ်နှောင်ခံရတာမျိုးကို
မုန်းပြီး လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားရတာကို နှစ်သက်ကြပါတယ်တဲ့...
ဒါပေမယ့် သတိပြုစရာ တစ်ခုကတော့ လွတ်လပ်မှုကိုဘဲ အစဉ်
တောင့်တနေခြင်းကြောင့် ပတ်ဝန်းကျင်က လူတွေကို
ဒုက္ခပေးတတ်တယ်ဆိုတာကိုပါဘဲ...

ဘီသွေးပိုင်ရှင်များရဲ့ သူများနဲ့မတူ တမူထူးခြားနေတာကတော့ လွတ်လပ်စွာ
တွေးခေါ်တတ်တဲ့အပြင် သူတပါးကို မှီခိုအားကိုနေရတာမျိုးကို
မနှစ်သက်ကြပါဘူး... ကိုယ်အားကိုကိုးပြီး အလုပ်အားလုံးကို
ဆောင်ရွက်ချင်ကြပါတယ်... အလုပ်တစ်ခုကို လုပ်နေစဉ်မှာတောင်
တခြားအလုပ်တစ်ခုကို တပြိုင်တည်း ဆောင်ရွက်တတ်သူများလည်း ဖြစ်ပါတယ်...
စည်းမျဉ်းစည်းကမ်းတွေကို သိပ် ဂရုမစိုက်တတ်လို့ ကိုယ့်ထက် အငယ်တွေရဲ့
ချစ်ခင်မှုကို ခံရတတ်ပေမယ့် လူကြီးတွေဆီကတော့ ဆူပူကြိမ်းမောင်းတာကို
ခံရတတ်ပါတယ်... တခါ ဒေါသထွက်ပြီဆိုရင်လည်း အဖြူအမည်း
မခွဲခြားနိုင်လောက်အောင်ပါဘဲတဲ့... ဒေါသပြေတဲ့ အခါမှ အခြေအနေတွေကို
ပြန်ရှင်းပြပြီး နားလည်မှုကို ယူတတ်ကြတဲ့ စတိုင်လ်မျိုးပါတဲ့...
အမှားတစ်ခုကို လုပ်မိတယ် ဆိုရင်လည်း ကိုယ်လုပ်တဲ့ အမှားအတွက်
တောင်းပန်ဘို့ ၀န်မလေးသူများလည်း ဖြစ်ပါတယ်... တနည်းအားဖြင့်
အတွင်းစိတ်ထား ပွင့်လင်းသူများ ဖြစ်ကြလို့ အထင်အလွဲခံရတာတို့ ရန်ညှိးတို့
မရှိတဲ့ သွေးပိုင်ရှင်များ ဖြစ်ပါတယ်


အိုသွေးပိုင်ရှင်များ

ဒီတစ်ခါ အိုသွေးပိုင်ရှင်များ အကြောင်း တင်ပြသွားမှာဖြစ်ပါတယ်...
အိုသွေးပိုင်ရှင်များကတော့ စရိုက်သဘာဝက ထူးခြားပါတယ်...

အိုသွေးပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာရှာတတ်ကြပေမယ့်
သူငယ်ချင်းတွေနဲ့ဆိုရင်တော့ သူငယ်ချင်းတွေကို ကြည့်ရှုစောင့်ရှောက်တတ်ပြီး
လူတကာနဲ့ လိုက်လျောညီထွေအောင် နေတတ်သူများဖြစ်ကြပါတယ်... အရာအားလုံးကို
တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်တတ်သူများ ဖြစ်ကြပါတယ်...
အလုပ်အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား
ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်... လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း
သူတပါးကို စာနာထောက်ထားတတ်ကြပါသတဲ့... အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု
ရှိပြီဆိုရင် တစိုက်မတ်မတ်နဲ့ လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက်
မရှိဘူးလို့ ထင်မိပြီဆိုရင်တော့ အစွဲအလမ်း တစ်ခုမှမထားဘဲ လက်လျှော့ပစ်တဲ့
အကျင့်လေးများလည်း ရှိပါတယ်တဲ့... အလုပ်တစ်ခုကို လုပ်ကိုင်နိုင်စွမ်း
မြင့်မားသလို အခြေအနေ အလိုက် စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့...
ရလဒ်ကိုဘဲ ဦးစားပေးသူများလို့လည်း ဆိုနိုင်ပါသတဲ့... အလုပ်တစ်ခုကို
လုပ်တော့မယ်ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့...
ကိုယ့် စတိုင်လ်နဲ့ကို နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို
ပိုင်ဆိုင်သူများလည်း ဖြစ်ပါတယ်... ဒီလို စရိုက်တွေကို
ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့ အနုပညာလောကကို ခြေချမယ်ဆိုရင်လည်း
အောင်မြင်နိုင်တဲ့သူများ ဖြစ်ပါတယ်တဲ့.... ဒါပေမယ့် ကိုယ်ရဲ့
အတွေးအမြင်ကသာ အမှန်ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှု ပြင်းထန်ချင်းက
တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို ဖြစ်နေတတ်ပါတယ်...
အပန်းဖြေတာတို့ ၀ါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့
သိပ်မနှစ်သက်လှပါဘူး... အိုသွေးပိုင်ရှင်များက လက်တွေ့ကျကျ
လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း ဖြစ်ပါတယ်... တခါတလေမှာတော့
Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက်ကြပါတယ်တဲ့...

အိုသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့
အရာတွေအတွက် အများကြီး သည်းခံတတ်ပေမယ့် ရေရှည်တော့
သည်းမခံနိုင်ပါဘူးတဲ့... လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု ရှိရှိနဲ့
ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့
နွေးနွေးထွေးထွေး သဘောထား ကြီးကြီးနဲ့ ဆက်ဆံတတ် ကြပါသတဲ့...
ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလိုအပ်ဘဲ
စိတ်ဆင်းရဲရတာမျိုးလည်း ရှိပါတယ်... အိုသွေးပိုင်ရှင်များက တခါတလေမှာ
စကားနည်းပြီး အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို
ကြိုက်နှစ်သက်ကြပါသတဲ့... တစ်ယောက်ယောက်နဲ့ စိတ်ကသိကအောင့် ဖြစ်တဲ့
အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို ပြတ်ပြတ်သားသား
ပြောတတ်ပါသတဲ့... ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါ
ဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို
မေ့ပြီးနေနိုင်သူများပါ...


အေဘီသွေးပိုင်ရှင်များ..

အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ဒီလို ဖြစ်ပါတယ်...
အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီး မထူးခြားလှတဲ့ စရိုက်သဘာဝကို
ပိုင်ဆိုင်ထားပါတယ်တဲ့...

မိဘကို ဆိုးတာမျိုးလည်း မရှိတဲ့ အေဘီသွေးပိုင်ရှင်များက အရာအားလုံးကို
ကွက်ကျော်မြင်တတ်လို့ အဆူခံရတာမျိုးလည်း လုံးဝ မရှိသလောက်ပါတဲ့...
ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကို လျင်လျင်မြန်မြန်
အကဲခတ်နိုင်စွမ်းရှိသူများလည်း ဖြစ်ပါတယ်... ဒါကြောင့်မို့ ပတ်ဝန်းကျင်က
လူတွေက အေဘီသွေးပိုင်ရှင်များကို စကားနည်းပြီး ဘုကျကျနိုင်လိုက်တာလို့
အပြောခံရတာမျိုးလည်း ကြုံရတတ်ပါတယ်... ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ
ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် နေတတ်လာပြီး လူမှုဆက်ဆံရေးလည်း
ကောင်းမွန်ပြေပြစ်လာပါတယ်တဲ့... အစပိုင်းမှာတော့ အလုပ်တစ်ခုကို
ကြာရှည်လုပ်နိုင်တဲ့ ဇွဲ နည်းပါးတာကြောင့် အလုပ်တစ်ခုကို လုပ်တဲ့ အခါမှာ
မြန်မြန် ပင်ပန်းအားလျော့ လွယ်ပါတယ်တဲ့... ဒါပေမယ့်လည်း ၀ီရိယစိုက်ပြီး
ကြိုးစားနေတဲ့ ကိုယ်ကိုတိုင်ရဲ့ ပုံစံကို နှစ်သက်သူများ ဖြစ်လို့
ဘယ်အရာကိုမဆို လုပ်လိုစိတ် ပြင်းထန်ပြီး ကြိုးကြိုးစားစား
တက်တက်ကြွကြွနဲ့ လုပ်ဆောင်တတ်ပါတယ်တဲ့... လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာလည်း
အပြောအဆိုကို အတတ်နိုင်ဆုံး သတိထားတတ်ပြီး လုပ်ငန်းခွင်မှဆိုရင်လည်း
အမှားမလုပ်မိအောင် သတိထား လုပ်ကိုင်တတ်သူများ ဖြစ်ပါတယ်... လူတစ်ယောက်နဲ့
တော်တော်လေး ရင်းနှီးလာတာတောင်မှ အဲဒီလူနဲ့ ကိုယ့်ရဲ့ ကြားမှာ အတားအဆီး
တစ်ခုကို ထားပြီးဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်... ဒါကတော့ သူတပါးအပေါ်မှာ
အမှားလုပ်မိမှာကို စိုးရိမ်တတ်တဲ့ အေဘီသွေးပိုင်ရှင်များရဲ့
အသေးစိတ်လှတဲ့ အတွေများကြောင့်ဘဲ ဖြစ်ပါတယ်... ဒါ့ပြင်
အေဘီသွေးပိုင်ရှင်များဟာ တစ်ယောက်တည်းကိုဘဲ ခင်တတ်တဲ့
အကျင့်လည်းမရှိပါဘူးတဲ့... အလုပ်အများကြီးကို တစ်ပြိုင်နက်တည်း
လုပ်ကိုင်နိုင်စွမ်းရှိသူများ ဖြစ်သလို အရာအားလုံးကို လက်တွေ့ကျကျ
တွေးခေါ်ဆင်ချင်တတ်သူများလည်း ဖြစ်ပါတယ်... အလုပ်တစ်ခုကို
လုပ်တဲ့အခါမှာလည်း ထောင့်ပေါင်းစုံကနေ တွေးခေါ်ဆင်ချင်တတ်သူများ
ဖြစ်ပါတယ်တဲ့... မိဘဆွေမျိုး သူငယ်ချင်းရယ်ဆိုပြီး သီးသန့် မခွဲခြားတတ်ဘဲ
လူသားအားလုံးကို တန်းတူညီတူ ဆက်ဆံတတ်သူများလည်း ဖြစ်ပါတယ်... ဒါပေမယ့်
တဘက်မှာလည်း အမြဲတမ်း ငွေရေးကြေးရေးကို စိတ်ပူနေတာကြောင့်
ပိုက်ဆံရှာနိုင်မယ့် အခြေအနေများကို အပူတပြင်း ရှာဖွေနေတတ်ပါတယ်တဲ့...
အေဘီသွေးပိုင်ရှင်များက ကိုယ့်ရဲ့ ခံစားချက်ကို မျက်နှာမှာ
မဖော်ပြတတ်သူများ ဖြစ်သလို တော်ရုံတန်ရုံနဲ့ ဒေါသလည်း
မထွက်တတ်ပါဘူးတဲ့... ကိုယ့်ကို သစ္စာဖောက်သွားတဲ့သူကိုတော့ သေချာ
မှတ်ထားပြီး ကလဲ့စားခြေတတ်တဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်သူများ
ဖြစ်ပါတယ်... တခါတလေတော့ နူးညံ့တဲ့ စိတ်နေစိတ်ထားကို
အေဘီသွေးပိုင်ရှင်များရဲ့ မျက်နှာမှာ မြင်နိုင်သလို တခါတလေမှာတော့
ခက်ထန်မှုတွေကိုသာ မြင်ရတတ်ပါတယ်.... ဒါတွေအားလုံးကတော့
အေဘီသွေးပိုင်ရှင်များ အကြောင်းသာ ဖြစ်ပါတယ်...