ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာ စကား၊ ပေါင်းလိုက်တော့ဗုဒ္ဓဘာသာဆိုတာ ဘုရားစကား။
ဘုရားစကားဆိုတာ ဘုရားရှင်ရဲ့ မိန့်ကြားချက် ဟောကြားချက်တွေပါပဲ။
ဘုရားရှင်မိန့်ထား ဟောထားတဲ့ တရားတော်တွေဟာ ပိဠကအနေနဲ့ သုံးပုံ၊ နိကာယ်အနေနဲ့ ငါးရပ်၊
ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ ဒါတွေဟာ ဗုဒ္ဓဘာသာပါပဲ။
ဒီဗုဒ္ဓဘာသာတွေရဲ့ အနှစ်ကိုချုပ်လိုက်တော့ သုံးမျိုးပဲ ကျန်တော့တယ်။
(၁) မကောင်းမှု မှန်သမျှကို မပြုလုပ်နဲ့ ရှောင်ပါ။
(၂) ကောင်းမှု မှန်သမျှလုပ်ပါ ပြည့်စုံအောင်လုပ်ပါ။
(၃) မိမိစိတ်ကို ဖြူစင်အောင်၊ သန့်ရှင်းအောင်၊ စင်ကြယ်အောင်လုပ်ပါ။
ဗုဒ္ဓဘာသာဆိုတာ လိုရင်းအချုပ်က ဒီသုံးမျိုးပါပဲလို့ဆိုပါတယ်။
ဗုဒ္ဓနဲ့ ဗုဒ္ဓအဆုံးအမတွေကို ယုံကြည်လေးစားလို့ မကောင်းမှုတွေကို မပြုလုပ်ဘဲ ရေုာင်မယ်၊ ကောင်းမှုတွေကို
ပြည့်စုံအောင်လုပ်မယ် မိမိစိတ်ကို ဖြူစင်သန့်ရှင်းအောင် လုပ်မယ်ဆိုရင် ဒီလူမျိုးကို ဗုဒ္ဓအဆုံးအမစည်းအတွင်းမှ
ဝင်နေလို့ ဗုဒ္ဓဘာသာဝင်လို့ခေါ်ပါတယ်။
ဗုဒ္ဓဘာသာဟာ သဒ္ဓါဗုဒ္ဓဘာသာနဲ့ ပညာဗုဒ္ဓဘာသာလို နှစ်မျိုးရှိတယ်။
သဒ္ဓါဗုဒ္ဓဘာသာဆိုတာမိရိုးဖလာအရ ကိုးကွယ်လိုက်တာပါပဲ။ ဘာသာတရားအပေါ်မှာ ဘာမှလေးလေးနက်နက်
နှိက်နှိက်ချွတ်ချွတ်လဲမသိဘူး။ လှူဆိုလှူလိုက်တာပဲ၊ ဥပုသ်စောင့်ဆို စောင့်လိုက်တာပဲ။ အဲဒါကိုသာမန်လိုပဲခေါ်ပါတယ်။
ပညာဗုဒ္ဓဘာသာကတော့ လေးလေးနက်နက်ရှိတယ်။ နှိုက်နှိုက်ချွတ်ချွတ်သိတယ်။
တကယ်မှန်မှန်ကန်ကန်ထက်ထက်သန်သန်လည်းလုပ်တယ်။ ဘာသာတရားကိုအထူးကိုင်းရှိုင်းတယ်။
အထူးလိုက်စားကြပါတယ်။
မြောက်ပိုင်းဗုဒ္ဓဘာသာနဲ့ တောင်းပိုင်းဗုဒ္ဓဘာသာလို့ ဗုဒ္ဓဘာသာနှစ်မျိုးကွဲနေကြပါတယ်။
မြောက်ပိုင်းဗုဒ္ဓဘာသာဆိုတာ တိဗက်၊ တရုတ်၊ ဂျပန်၊ ကိုရီးယားတို့ ကိုးကွယ်ကြတဲ့ မဟာယန ဗုဒ္ဓဘာသာ၊
တောင်းပိုင်းဗုဒ္ဓဘာသာဆိုတာ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာတို့ ကိုးကွယ်ကြတဲ့ ထေရ၀ါရဗုဒ္ဓဘာသာ ဖြစ်ပါတယ်။
မဟာယာန ဗုဒ္ဓဘာသာဆိုတာ ဗုဒ္ဓတရားတော် တွေကိုခောတ်နဲ့ လျှော်ညီအောင် ပြုပြင်၊ မွမ်းမံပြင်ဆင်ပြီး
လိုက်နာကျင်းသုံးတဲ့ဘာသာလို့ဆိုပါတယ်။
ထေရ၀ါရဗုဒ္ဓဘာသာကတော့ ဘုရားဟောအရှိကို အရှိအတိုင်းထားပြီး ပြည့်ပြည့်စုံစုံ ကိုးကွယ်ဆည်းကပ်ခွင့်၊
လိုက်နာကျင့်သုံးခွင့်ရတဲ့ဘာသာဖြစ်ပါတယ်။
အဓိကကွဲလွဲတာကတော့ မဟာယာနက အတ္တ၀ါဒဖြစ်ပြီး၊ ထေရ၀ါဒကတော့ အနတ္တ၀ါဒလို့ဆိုပါတယ်။
ကိုးကားချက်-(ဓမ္မပီယဆရာတော်ပြောကြားချက်)
No comments:
Post a Comment