ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Friday, February 6, 2009

“ကြောက်စရာပါလားနော် :)”

ဗြိတိန်နိုင်ငံတွင် ခွဲစိတ်မှုပြုလုပ်ပြီးနောက် လူနာများ၏ ခန္ဓာကိုယ်အတွင်း ခွဲစိတ်ခန်းသုံး ပစ္စည်းများ မေ့ကျန်နေမှုများကို လျော်ကြေးပေးရသည့် ငွေကြေးပမာဏမှာ (၅)နှစ်အတွင်း စတာလင်ပေါင် (၉)သန်းအထိ ရှိခဲ့ကြောင်း သိရှိရသည်။ စစ်တမ်းများအရ နိုင်ငံတ၀ှမ်းရှိ ဆေးရုံများတွင် သီတင်းတစ်ပါတ်လျင် ပျမ်းမျှလူနာ (၂)ယောက်ခန့်မျှအား ခန္ဓာကိုယ်တွင်း လက်အိတ်၊ ဓား၊ ချိတ်၊ ခွဲခန်းသုံးအဆို့စသော ပစ္စည်းများကျန်ခဲ့မှုကြောင့် ပျမ်းမျှ စတာလင်ပေါင် (၁၇၉၀၀)ခန့်မျှစီ ပေးချေခဲ့ရာ လွန်ခဲ့သော(၅)နှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပေါင်ငွေ(၉)သန်း ဆုံးရှုံးသွားကြောင်း အတည်ပြုခဲ့သည်။ ထိုစာရင်းတွင် လျော်ကြေးမပေးရဘဲ ကိစ္စငြိမ်းခဲ့သော လူနာ(၅၅၀)ခန့်တို့၏ စာရင်းမပါသေးချေ။ ယမန်နှစ်အတွင်း ဗိုက်ထဲတွင် အပ်တစ်ချောင်းကျန်ခဲ့သည့် လူနာတစ်ဦးအား ပေါင်စတာလင် (၁၁၅၀၀၀)ပေးချေခဲ့ရမှုသည် စံချိန်တင်လျော်ကြေးအဖြစ် စာရင်းဝင်ခဲ့ပြီး ညှပ်တစ်ခု ကျန်ခဲ့သော လူနာအတွက် ပေါင်စတာလင် (၇၅၀၀၀)မျှ ငွေကုန်ခံ ဖြေရှင်းခဲ့ရသေးသည်။


(၂၀၀၇-၂၀၀၈)စာရင်းအရ လျော်ကြေးပေးရသည့် စုစုပေါင်းပမာဏ ပေါင်ငွေ(၂.၂)သန်းထိ ရှိလာခဲ့ပြီး ယခင်စံချိန်ဟောင်းဖြစ်သည့် (၂၀၀၃-၂၀၀၄)၏စာရင်း (၁.၄)သန်းထက် သာလွန်သွားခဲ့သည်။ သို့သော်လည်း အမှန်တကယ် လျော်ကြေးငွေ အမြင့်ဆုံး ပေးခဲ့ရသည်မှာ (၂၀၀၆-၂၀၀၇)တွင်ဖြစ်ပြီး အသေးစိတ် အချက်များအားလုံး ထည့်တွက်ပါက စတာလင်ပေါင် (၂.၆)သန်းထိ ပေးချေခဲ့ရကြောင်း မြောက်ပိုင်းစတန်းဖို့ဒ်ရှိုင်းယား တက္ကသိုလ်ဆေးရုံက ထုတ်ပြန်သော စစ်တမ်းများအရ သိရှိရသည်။ ထို့အပြင် ဆရာဝန်များ၏ မေ့လျော့တတ်သော အကျင့်ကြောင့် လူနာအချို့ သေဆုံးခဲ့ကြောင်းလည်း အဆိုပါစစ်တမ်းတွင် ဖော်ပြထားသည်။ ယခုကဲ့သို့ ဖြစ်ရပ်များ ဖြစ်ပွားနေခြင်းသည် ဗြိတိသျှဆရာဝန်များအပေါ် ကျရောက်နေသည့် ဖိအားများ ပြင်းထန်နေခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း သုတေသီများက သုံးသပ်ခဲ့သည်။ များသောအားဖြင့် အဆိုပါ မတော်တဆ ဖြစ်စဉ်များသည် ရှောင်လွှဲရန် လွယ်ကူသော်လည်း ဆရာဝန်များက သတိမမူမိခြင်းသည် အခြားသော အခြေအနေများတွင် အာရုံနှစ်ရလွန်းသောကြောင့် ဖြစ်နိုင်ကြောင်း ဆေးဘက်ဆိုင်ရာ မတော်တဆမှုများ တိုက်ဖျက်ရေး ကျွမ်းကျင်သူ ပီတာဝက်ရှ်ကဆိုသည်။ ယခုဖြစ်ရပ်များအတွက် ဆရာဝန်များကို အပြစ်တင်ရန် ခဲယဉ်းသလို အနာဂါတ်တွင်လည်း အလားတူဖြစ်ရပ်များ ဆက်လက်ပေါ်ပေါက်လာနိုင်သေးကြောင်း ပီတာဝက်ရှ်က ခန့်မှန်းပြောဆိုသွားသည်။

No comments: