၂၀၁၀ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့သည် ကျနော်တို့ အဘိုးအဘွားများ၏ အသက်သွေးချွေးများ စတေးခဲ့ရကာ ခက်ခက်ခဲခဲ ရယူနိုင်ခဲ့သော ၆၂ နှစ်မြောက်လွတ်လပ်ရေးနေ့ဖြစ်ပါတယ်..
လွတ်လပ်ရေး၏ အနှစ်သာရကို သူ့ကျွန်ဘ၀ရောက်မှ တန်းဖိုးထားရမှန်းသိခဲ့ရသည်..
ကျနော်တို့နိုင်ငံ၏ လွတ်လပ်ရေးကြီး ထာဝစဉ် ကမ္ဘာတည်သ၍ဆက်လက်တံတည့် နိုင်ပါစေလို့ ဆုမွန်တောင်းရင်း မြန်မာပို့စ်တွင် ကျနော်ဖတ်မှတ်ခဲ့ရသော လွတ်လပ်ရေးကြေညာစာတမ်းအပြည့်အစုံ ကို ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါသည်။
အောင်စေသတည်း
၁။ မြန်မာသက္ကရာဇ် ၁၃၀၉-ခုနှစ်၊ ပြာသိုလဆုတ်၉-ရက် (အင်္ဂလိပ်သက္ကရာဇ် ၁၉၄၈-ခုနှစ်၊ ဇန်န၀ါရီ ၄-ရက်)တနင်္ဂနွေနေ့ ကောင်းမြတ်သန့်စင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောအခါ၌ ဤငါတို့မြန်မာပြည် သည် လုံးဝလွတ်လပ်သော အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ကြီးအဖြစ်သို့ ရောက်ပြီ။
၂။ ဤငါတို့ မြန်မာနိုင်ငံတော်ကြီးသည် လိုရာမတပြည့်စုံလှ၍ ဘူမိနက်သန် မှန်သောမြေထူးမြေမြတ်လည်းဖြစ်၏။ မွန်မြတ်သန့်စင်သောတရားထူး တရားမြတ်တို့ တည်ရာ မြေကောင်းမြေမွန်လည်းမှန်၏။ မြေတွင်းမြေပြင် အထူးထူးသော ရတနာ အပေါင်းတို့နှင့်ပြည့်စုံသဖြင့် သတ္တ၀ါအပေါင်းတို့ ဆွတ်ယူစားသုံး ကမ္ဘာဆုံးသော်လည်း မသုဉ်းမကုန်နိုင်သော ပဒေသာစစ် အနှစ်သာရကြွယ်ဝပြည့်စုံသော မြေလည်း ဖြစ်၏။ ဘူမိနက်သန်မှန်လှထူးချွန် ဤမြေ မွန်မြေမြတ်၌ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ဗမာစသည်ဖြင့် တစ်သွေးတစ်သား တစ်မိဖွားဖြစ်ကြကုန်သောငါတို့သည် နှစ် ပေါင်းထောင်ရာ သင်္ချာပွားတက် ရေတွက် ခြင်းငှာမတတ်နိုင်ရာသော ရာဇ၀င်ရှည်ဝေး ရှေးပဝေဏီမှစ၍ တညီတညွတ် တစုတရုံး လွတ်လပ်သောလူမျိုးအဖြစ် တည်ခဲ့ကြ၏။ တကောင်း၊ သရေ ခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် ထို့ နောက် မန္တလေးအထိငါတို့၏လွတ်လပ်ရေးသည် နေရောင်လ၀ါပမာကဲ့သို့ တဖြာဖြာ တ၀င်းဝင်း ကမ္ဘာချဉ်းအောင်ထွန်းလင်းခဲ့ပေ။
သို့ရာတွင်ကမ္ဘာ့တန်ဆာ ကာလအသ င်္ချေတည်နေအပ်သော နေမင်းသူရိယာ လစန္ဒာတို့ပင် ဆီးနှင်းမြူတိမ်ဖုံးအုပ်၍ ခဏ ခေတ္တအရှိန်အ၀ါညှိုးလျော်နွမ်းလျ မထွန်းမပဖြစ်ဘိသကဲ့သို့ ငါတို့၏လွတ်လပ်သော မြန်မာနိုင်ငံတော်သည်လည်း လွန်ခဲ့သည့် နှစ်ပေါင်းလေးရာခန့်က ဥရောပတိုက်မှ ထွက်ပေါ်လာ၍ တစ်ကမ္ဘာလုံးကို ရစ်ပတ် အုပ်ဖုံးခဲ့သော နယ်ချဲ့ဝါဒကြီး နှင့် မရှောင်မကွင်းသာ ကြုံ ကြိုက်ဆုံတွေ့မိ၍ ပဋ္ဌမ အင်္ဂလိပ်မြန်မာစစ်၌ ရခိုင်၊ တနင်္သာရီ၊ ဒုတိယ အင်္ဂလိပ် မြန်မာစစ်၌ ဟံသာဝတီ၊ ပဲခူး၊ တတိယအင်္ဂလိပ် မြန်မာစစ်၌ မန္တလေးရတနာပုံ သုံးကြိမ် သုံးတန်ချ အပ်ရခြင်းဖြင့် ဤ မြေထူးမြေမြတ်၌ နှစ်ပေါင်း ထောင်ရာစောင့်ထိန်း၍လာခဲ့ကြသော ငါတို့၏ လွတ်လပ် ရေးသည်ငါတို့ လက်မှလွတ်၍ လက်အောက်ခံဘ၀သို့ လုံးဝ ရောက်ခဲ့ကြရသည်။
သို့သော် နေမင်းသူရိ ယာလစန္ဒာတို့ကို ဆီးနှင်းမြူ တိမ်တို့သည် မည်သို့ပင်ဖုံး လွှမ်းစေကာမူ နေလတို့၏ အရှိန်အတောက်ကို မခံနိုင်ရ ကား ခေတ္တမျှနှင့်ပင် လွင့်စင် ကွယ်ပျောက်၍ နေ၀ါလ ရောင်သည် ပကတိအသရေ ကိုပြန်၍ ဆောင်လေဘိသကဲ့သို့ ငါတို့အပေါ်၌ လွှမ်းဖုံးအပ်သော နယ်ချဲ့ဝါဒသည်ငါတို့၏ ကမ္ဘာရှည်မြင့်ရင့်မာလှသော လွတ်လပ်ရေး စိတ်ဓာတ်၏ အရှိန်အတောက်ကို မခံနိုင် ရကား ခြောက်ဆယ့်တစ်နှစ်တစ်လနှင့် တစ်ရက်သောအခိုက်အတန့်ကလေးမှာပင် အလိုအလျောက် ကွယ်ပျောက်သွားရသဖြင့် ဤနေ့ဤအခါမှစ၍ ငါတို့သည် အသူ ရိန်ခံတွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်အပ် သော လပြည့်စန်းပမာ သန့်ရှင်းစင်ကြယ် ချမ်းမြေ့သာယာစွာဖြင့် လွတ်လပ်သော ဘ၀ထူးဘ၀မြတ်ကို လက်ဆုပ်လက်ကိုင် အပိုင်ရရှိကြပြီ။
၃။ ယခု ငါတို့ရရှိအပ်သော လွတ်လပ် ရေးသည် ရေတွင်ရုပ်ရေး မြသွေးကောင်း ကင်တိမ်ရိပ်ထင်သကဲ့သို့သော လွတ်လပ် ရေးမဟုတ်၊ ငါတို့အား လွတ်လပ်ရေးလမ်း စဉ်သို့ ညွှန်လည်းညွှန်ပြလမ်းစရှာကြံအမြန် ရောက်အောင် ပို့ဆောင်ခဲ့ကြပေသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အ၀၀သော ကူးတို့မှူးခေါင်းဆောင်ကြီးတို့၏ မဆုတ်မနစ် သောလုံ့လ မလျော့သောဝီရိယဆီမီးတန် ဆောင်ကဲ့သို့ ထွန်းပအပ်သောဥာဏ်မျက်စိ ၀ဇီရစိန်သွားကဲ့သို့ စူးရှသောသတ္တိတို့ ကြောင့် အဟံမမသံပကြုံးဝါးအခြားအခြား လွတ်လပ်သော နိုင်ငံကြီးတို့နှင့်တန်းတူ မြူ တစ်ခြမ်းမျှမလျော့မလို ထိုထိုသို့သော တန်ခိုးရှိန်ဝါတေဇာအပေါင်းတို့နှင့် ပြည့်စုံသော အချုပ်အခြာတည်းဟူသော အာဏာထူး အမြတ်ကို ငါတို့လက်ကိုင် အပိုင်ရရှိကြပြီ။
၎။ ငါတို့သည် တစ်မျိုးဘာသာ တစ်စိတ်တစ်ဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား ကျောသားရင်သား သူကားငါ ကားခွဲခြားခြင်းကိုအလိုမရှိ မြစ်ချောင်း သီတာ သမုဒ္ဒရာတောင်တန်းတို့ဖြင့် ကမ္ဘာ့ဓမ္မ တာသဘာဝအပိုင်းအခြားထင်ရှားစွာ သတ်မှတ်အပ်သောရာဇ၀င်ရှည်ဝေး ရှေးပဝေဏီ မှစ၍ယခုထက်တိုင် မြန်မာနိုင်ငံသားဟု သမုတ်အပ်သူတိုင်းရင်းသားအပေါင်းတို့ ဇာတိ ချက်မြေနေထိုင်ရာ မြန်မာနိုင်ငံတော် တစ်ဝှမ်းကို တစ်သွေးတစ်သားတည်းဟူသော ကြိုးထူး၊ တစ်စိတ်တစ်ဝမ်းတည်းဟူသော ကြိုးထူး၊ အလိုအလျေက် သဘာဝအ ထောက်အပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ် သောစေတနာတည်းဟူသောကြိုးထူး ဤ ကြိုးသုံးပါးဖြင့်ကမ္ဘာဆုံးတိုင် မြဲခိုင်တည်တံ့အောင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည် ထောင်စုအဖြစ်ကိုလက်ဆုပ်လက်ကိုင် ငါတို့ အပိုင်ရလေပြီ။
၅။ ငါတို့နိုင်ငံတော်ကြီးသည် မည်သူ တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ်မဟုတ်၊ မည်သူတစ်ဦးတစ် ယောက်တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိကအပိုင် ပစ္စည်းမဟုတ်၊ မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်၊ အတိတ်ကာလကလည်းကောင်း၊ ယခုမျက် မှောက်တွင်လည်းကောင်း၊နောင်လာလတံ့ သော အနာဂတ်ကာလ၌ လည်းကောင်း၊ ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်း နေထိုင်ကြသောကြီးငယ်ဝေးနီး ကျားမ မခြား သစ္စာတော်ခံနိုင်ငံသား ဟူသရွေ့ ဒို့၏အမွေအနှစ်အပိုင်ပစ္စည်း အကျိုးခံစား ရာဖြစ်သည်ဟူသော လူ့ဘာသာ လူ့တရား နှင့်အညီကမ္ဘာဦးကာလလူတို့၏ စည်းရုံးမှု ၌လူအပေါင်းတို့၏ သဘောဆန္ဒအရလူ အ၀ှမ်း၏အကျိုးကိုကောင်းစွာ ဆောင်ရွက် နိုင်အံ့သောပုဂ္ဂိုလ်ကိုရွေးကောက်၍ သမ္မတ တင်မြှောက်ကြသော မဖောက်မပြန် မစွန်း မငြိပကတိသန့်ရှင်းဖြူစင်သော မူလလူ့ဝါဒ နှင့်လျော်စွာ စည်းကမ်းဥပဒေ သေချာထင် ရှားစွာပိုင်းခြားသတ်မှတ်တူညီသော တရား တူညီသောအခွင့်အရေးတူညီသော အဆင့် အတန်းအားဖြင့် ကမ္ဘာအရှည်တည်စိမ့် သောငှာ လူအပေါင်းတို့၏ဆန္ဒသာလျှင် အဓိကဖြစ်သော သမ္မတမြန်မာနိုင်ငံတော် တည်းဟူသော မြတ်သောအဖြစ်ကို လက် ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ။
၆။ သိကြကုန်လော့၊ယနေ့ မင်္ဂလာအ ပေါင်းနှင့်ပြည့်စုံသောဤအချိန်မှစ၍ ငါတို့ ၏ မူလအပိုင်ဖြစ်သော လုံးဝလွတ်လပ်ရေး ကိုငါတို့ပြန်၍ယူပြီ။ တိုင်းရင်းသား အပေါင်း တို့ သွေးစီးညီညွတ်လျက် အခွင့်အရေး အဆင့်အတန်းတူညီသည့် ပြည်ထောင်စု သမ္မတနိုင်ငံတော်ကြီးကို တည်ထောင်ပြီ။ ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး၏ သစ္စာကိုကမ္ဘာဆုံးတိုင်မယိမ်းမယိုင် တည်မည်၊ ငါတို့သည်လွတ်လပ်သော နိုင်ငံဖြစ် သည်နှင့်အညီကမ္ဘာ့လွတ်လပ်သော နိုင်ငံ အပေါင်းတို့တရားသဖြင့် ကျင့်ဆောင်အပ် သောကျင့်ဝတ်ကို စောင့်ရှောက်ကျင့် ဆောင်မည်၊ ငါတို့၏လွတ်လပ်ရေးကို ငါတို့ ချစ်မြတ်နိုးသည်နှင့်အညီ တစ်ပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့လေးစားစောင့် စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလား သူများနှင့်အတူလက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်း ရေးကို ကာကွယ်စောင့်ရှောက်မည်။
ဤငါတို့ကြေညာချက်ကို တစ်ကမ္ဘာ လုံးတစ်ယောက်မကျန် ကြားသိစေသတည်း။
ရေးသားသူများ
အဆိုပါ လွတ်လပ်ရေးကြေညာစာ တမ်းရေးသူများမှာ ဦးသိန်းဟန်(ဆရာ ဇော်ဂျီ)၊ ဦးဝန်(မင်းသုဝဏ်)၊ ဆရာယော (ဆရာဇေယျ)၊ ဆရာဦးအုန်းဖေ(တက်တိုး)၊ ဦးဝင်းစိန် (တင့်တယ်)စသူတို့ဖြစ်ကြသည်။
အင်္ဂလိပ်ဘာသာပြန်သူ
လွတ်လပ်ရေးကြေညာစာတမ်း၊ အင်္ဂ လိပ်ပြန်ဆိုချက်ပထမမူကြမ်းကို ဒေါက်တာ မောင်မောင်ရေးရန်ဦးသန့်၊ ဦးခင်မောင် (တောသား)၊ဦးခင်ဇော်(ကေ)တို့က တာဝန် ပေးသည်။ အင်္ဂလိပ် ဘာသာပြန်ဆိုချက်မူ ကြမ်းကို အဆိုပါဆရာများကပြင်ဆင် တည်းဖြတ်အတည်ပြုကြသည်။
မည်သို့ဖြစ်ဖြစ် လွတ်လပ်ရေးကြေ ညာစာတမ်းသည် သမိုင်းဝင်ဖြစ်သည်။ ကမ္ဘာတည်သရွေ့ မြန်မာနိုင်ငံရှိသရွေ့ မြန်မာတို့၏ နှလုံးသားထဲတွင် စွဲစွဲမြဲမြဲ ကမ္ပည်းမော်ကွန်းတင်ထားကြရမည့် သမိုင်း အမွေကောင်းတစ်ခုဖြစ်သည်။
၆၂ နှစ်မြောက်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုပါသည်..
ကျနော်တို့ နိုင်ငံကြီး ဖွံဖြိုးတိုးတက်သာယာဝပြောပါစေ..
နိုင်ငံသူနိုင်ငံသားအားလုံး အမြဲအေးချမ်းစွာ အတူတကွ မပြိုကွဲပဲ ဆက်လက်နေထိုင်နိုင်ကြပါစေ...
No comments:
Post a Comment