ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Tuesday, November 18, 2008

“အမျိုးသားနေ့”


တန်ဆောင်မုန်းလပြည်ကျော် ၁၀ရက်နေ့သည် အမျိုးသားနေ့ဖြစ်သည်ဆိုသည်မှာ မြန်မာနိုင်ငံသားတိုင်း  
သိကြမည်ဟုထင်ပါသည်။ အုပ်ချုပ်သူနယ်ချဲ့အစိုးရကိုပထမဆုံးထိထိရောက်ရောက်တော်လှန်ခဲ့သောနေ့ကို 
နောင်လာနောက်သားအမျိုးသားတို့  အမှတ်တရရှိစေရန်အလို့ငှာ မြန်မာနိုင်ငံ၌ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့ကိုအမျိုးသားနေ့ဟူ၍နှစ်စဉ်ဆင်ယင်ကျင်းပသောအစဉ်အလာရှိခဲ့သည်။

အမျိုးသားနေ့ဟူ၍ သတ်မှတ်ရခြင်းကား ခရစ် ၁၉၂၀ပြည့်နှစ် ၊ ဒီဇင်ဘာလ ၅ ရက် ၊ မြန်မာ၁၂၈၂ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့တွင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်ကျောင်းသားများသည် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်သည့်နေဖြစ်သည်။ 

ဗြိတိသျှအစိုးရသည်ပညာရေးစနစ်သစ်  တက္ကသိုလ်အက်ဥပဒေကြမ်းကြီးကို ၁၉၂၀ပြည့်နှစ် ဇွန်လတွင် တိုင်းပြည်မှ ဝေဖန်လေ့လာနိုင်ရန်ထုတ်ပြန်ကြေညာသည်။

 ထိုဥပဒေကြမ်းတွင်ပါရှိသောအချက်များဖြစ်သည့်

၁။ မြန်မာပြည်တွင် တက္ကသိုလ်တစ်ခုတည်းသာရှိရမည်။ တက္ကသိုလ်လက်အောက်တွင် ကောလိပ်တစ်ခုတည်းသာရှိရမည်။

၂။ ကောလိပ်ကျောင်း၌ ပညာသင်လိုသူများ ကျောင်းအိပ်ကျောင်းစားသာဖြစ်ရမည်။

၃။ တက္ကသိုလ်ဝင်စာမေးပွဲမထားရှိတော့ပဲအစိုးရကပြုလုပ်သောဟိုက်စကူးဖိုင်နယ်ခေါ် ဆယ်တန်းစာမေးပွဲကို အောင်ရမည်။အင်္ဂလိပ်နှင့် အခြားဘာသာတစ်ခုတွင် ထူးချွန်စွာတက်မြောက်အောင်မြင်မှ တက္ကသိုလ် ၀င်ခွင့်ရမည်။

၎။ ဂုဏ်ထူးနှင့် ၀ိဇ္ဖာဘွဲ့တန်းတွင် တစ်ခါဖြေဆို၍မအောင်မြင်ပါက နောက်နောင်ဖြေဆိုခွင့်မပြု။

၅။ ဟိုက်စကူးဖိုင်နယ်အောင်၍ တက္ကသိုလ်သို့ ၀င်ခွင့်ရရှိသော်လည်းတက္ကသိုလ်ပညာရပ်များကိုတစ်ခါတည်စ၍ မသင်ရသေးဘဲတက္ကသိုလ်ပညာရပ်များကိုကောင်းမွန်စွာ လိုက်နိုင်ရန်ပြင်ဆင်မှုအတန်းတွင် တစ်နှစ်နေရမည်။

၆။ ပြင်ဆင်မှုအတန်းတွင် တစ်နှစ်နေသော်လည်းနှစ်ကုန်သည့်အခါတက္ကသိုလ်ပညာများကို လိုက်နိုင်ရန် အရည်အချင်းမရှိသေးဟုဆိုလျှင်တက္ကသိုလ်ပညာကို ဆက်လက်သင်ခွင့်ရဦးမည်မဟုတ်စသောအချက်များကို ကောလိပ်ကျောင်းသားများသာမက သတင်းစားများနှင့် ဂျီစီဘီအေ နယ်ဒေသအစည်းအဝေးများကပါ ၀ိုင်းဝန်းကန့်ကွက်ကြလေသည်။

မည်သို့ပင် ၀ိုင်းဝန်းကန့်ကွက်ကြသော်လည်း မြန်မာပြည်ဘုရင်ခံဆာရက်ဂျီနယ်ကရက်ဒေါက်က  တောင်းဆိုချက်များကို လျစ်လျူရှုကာ ထိုနှစ် ဒီဇင်ဘာ ၁ရက်နေ့မှစကာ တက္ကသိုလ်အက်ဥပဒေကို  အတည်ပြုကြောင်းကြေညာလိုက်သည်။ 

ဒီဇင်ဘာလ ၅ရက်၊ တန်ဆောင်မုန်းလပြည့်ကျော်၁၀ရက်နေ့တွင်ကျောင်းသားများအရေးဆိုကြသည်။  ကျောင်းသားခေါင်းဆောင် ကိုဘဦးကိုယ်တိုင်လက်မှတ်ထိုး၍  ကျောင်းသားကြေညာချက်ကို  ဘုရင်ခံထံပို့သည်။ယင်းကြေညာချက်သည် ရန်ကုန်တက္ကသိုလ်အက်ဥပဒေပါ အချက်အလက်များကို  ကန့်သတ်စာပင်ဖြစ်သည်။ ဘုရင်ခံထံမှ အကြောင်းပြန်ကြားခြင်း မပြုသဖြင့် အမျိုးသားကျောင်းများ  တည်ထောင်ရန် ကျောင်းသားများသည် ဂျီစီဘီအေခေါင်းဆောင်များနှင့် တိုင်ပင်ဆွေးနွေးသည်။ 

တက္ကသိုလ်ကျောင်းသားများအရေဆိုမှုကို တစ်တိုင်းပြည်လုံးက ၀ိုင်းအုံထောက်ခံကြသည်။  တက္ကသိုလ်အက်ဥပဒေသည် တက္ကသိုလ်ရောက် ကျောင်းသားများထက် တက္ကသိုလ်သို့ရောက်ခါနီး  ဟိုက်စကူးကျောင်းသားများအတွက် ပို၍ထိခိုက်သဖြင့် ဟိုက်စကူးကျောင်း(အထက်တန်းကျောင်း) များကပါ  အရေးဆိုကြသည်။ ၁၉၂၁ခုနှစ် ဇန်န၀ါရီလတွင် မြန်မာပြည်ဘုရင်ခံက အိန္ဒိယဘုရင်ခံချုပ်ထံ  နှစ်ပတ်တစ်ကြိမ်ပေးပို့သော အစီရင်ခံစာတွင် ရန်ကုန်တက္ကသိုလ်အရေးဆိုမှုကို  ထိထိရောက်ရောက်မနှိမ်နင်းလျှင် မြန်မာပြည်သည် အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်သွားရန်  အကြောင်းရှိသည်ဟု အစီရင်ခံရသည့်အခြေအထိ မြန်မာတို့၏ ၀ံသာနုစိတ်ဓါတ် အုံကြွခဲ့လေသည်။

အစိုးရက ကျောင်းသားများတောင်းဆိုချက်ကို လိုက်လျောသည်ဖြစ်စေ၊ မလိုက်လျောသည်ဖြစ်စေ ရန်ကုန်တက္ကသိုလ်လက်အောက်ခံ ကောလိပ်ကျောင်းများကို မည်သည့်နည်းနှင့်မျှ ပြန်မတက်တော့ပြီဟု တည်ီတညွတ်တည်းဆုံးဖြတ်ကြလေသည်။ ၁၉၂၁ခုနှစ် သြဂုတ်လတွင် ရန်ကုန်မြို့ ၊ဗဟန်းရပ် ၊ ရွှေကျင်ကျောင်းတိုက်ကြီးတွင် အမျိုးသားကောလိပ်ကို ဖွင့်လှစ်လိုက်ကြသည်။ 

အမျိုးသားပညာရေးကောင်စီဟုလည်းပေါ်ပေါက်လာကာ မြန်မာနိုင်ငံတစ်ဝန်းလုံး၌ အမျိုးသားကျောင်းများအများအပြား ပေါ်ထွက်လာခဲ့သည်။ ၁၉၂၀ပြည့်နှစ် အရေးဆိုမှုကြောင့် ယင်းသို့ပညာရေးအမြတ်များ ထွက်ပေါ်လာခဲ့ရုံသာမက ပြည်သူလူထုတွင်လည်း နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားစိတ်ဓါတ်များ အပြင်းအထန်ပေါ်ပေါက်လာခဲ့လေသည်။  ယင်းသည်ပင်မြန်မာတို့၏ စိတ်ဓါတ်တော်လှန်ရေးအောင်ပွဲကြီးဟုခေါ်ရမည်ဖြစ်လေသည်။

ဗြိတိသျှလက်အတွင်းသို့ မြန်မာနိုင်ငံသက်ဆင်းရပြီးနောက် မြန်မာလူထုသည် လက်နက်ကိုင်၍ တစ်သွယ် ၊ စည်းဝေးပွဲများအကြိမ်ကြိမ်ပြုလုပ်၍တစ်မျိုး ၊ မြန်မာ့ကိုယ်စားလှယ်များကို ဗြိတိသျှအစိုးရ ကိုယ်စားလှယ်များနှင့် အရေးဆိုရန်စေလွှတ်၍တစ်ဖုံ နည်းမျိုးစုံတို့ဖြင့် လွတ်လပ်ရေးအတွက်တောင်းဆိုခဲ့သော်လည်း တကယ်ထိထိရောက်ရောက်ရှိသည်ကား ၁၂၈၂ခုနှစ် ၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့တွင် ပေါ်ပေါက်ခဲ့သော တော်လှန်ရေးကြီးပင် ဖြစ်သည်။

ထို့ကြောင့် ၁၉၂၁ခုနှစ် ၊ ဒီဇင်ဘာလအတွင်း မန္တလေးမြို့၌ကျင်းပသော ဂျီစီဘီအေပြည်လုံးကျွတ်ညီလာခံကြီး၌ အမျိုးသားနေ့ သတ်မှတ်ရန် စဉ်းစားကြသောအခါ ၁၉၂၀ပြည့်နှစ် ကျောင်းသားများ စတင်းအရေးဆိုခဲ့သောတန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့ကို လက်ခံနိုင်ကြခြင်းဖြစ်သည်။

ထိုညီလာခံတွင် အချို့က သီပေါဘုရင်ပါတော်မူသော တန်ဆောင်မုန်းလပြည့်ကျော် ၈ရက်နေ့ကို အကြံပေးကြသည်။ ၁၉၂၀ပြည့်နှစ် ၁၁ဦးကော်မတီတွင် ပါဝင်ခဲ့သော ဦးမြင့်က ဂျီစီဘီအေကွန်ဖရင့်သို့ ကျောင်းသားကိုယ်စားလှယ်အဖြစ် တက်ရောက်ပြီးလျှင် နန်းကျသောနေ့နှင့်အဖမ်းခံရသောနေ့များသည် မင်္ဂလာမရှိ ၊ နယ်ချဲ့ဗြိတိသျှကို ပထမဆုံးထိထိရောက်ရောက် တော်လှန်သောနေ့ဖြစ်သည့် ကျောင်းသားများ အရေးဆိုသော တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့ကို အမျိုးသားနေ့ဟု သတ်မှတ်သင့်ကြောင်း အကြံပေးလေသည်။ 

ထိုမန္တလေးကွန်ဖရင့်ကြီး မှ အမျိုးသားနေ့ကို တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့တွင်ကျင်းပရန် ဆုံးဖြတ်ချက်ချခဲ့ရာ အမျိုးသားနေ့ဟူ၍ ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် အမျိုးသားနေ့ဟူ၍ နှစ်စဉ်ကျင်းပခဲ့သော အစဉ်အလာရှိခဲ့လေသည်။

ကျမ်းကိုး _(ELEVENJOURNAL) နှင့် မြန်မာ့စွယ်စုံကျမ်းအတွဲ ၁၄ ၊ စာမျက်နှာ ၂၁၄ (ဗဟုသုတဝေမျှပါသည်)

No comments: