ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Tuesday, December 16, 2008

“ဦးသန့်၏ နှစ် ၁ဝဝ ပြည့် မွေးနေ့အထိမ်းအမှတ်”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ နှစ် ၁ဝဝ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂ စာပို့တိုက် အုပ်ချုပ်ရေးဌာနက ရှေ့နှစ်ဆန်းတွင် တံဆိပ်ခေါင်းသစ် ၃ မျိုး ထုတ်ဝေသွားမည် ဖြစ်သည်။

US$ 0.94, CHF 1.30 နှင့် EUR 1.15 တန် တံဆိပ်ခေါင်းသစ် ၃ မျိုးကို "ဦးသန့်ရာပြည့်" တွင် အထိမ်းအမှတ် အဖြစ် ၂ဝဝ၉ ခုနှစ် ဖေဖေါ်ဝါရီလဆန်း၌ ထုတ်ဝေသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံမှ ဦးသန့်ကို ကုလသမဂ္ဂ အထွေထွေညီလာခံက အတွင်းရေးမှူးချုပ်အဖြစ် တညီတညွတ်တည်း ခန့်အပ်ခဲ့ကြပြီး ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ တာဝန် ထမ်းဆောင်သွားခဲ့သည်။

ဦးသန့်သည် ဤကမ္ဘာ့အဖွဲ့အစည်းကြီး၌ ဤရာထူးကို ထမ်းဆောင်သည့် ပထမဆုံး အာရှတိုက်သားဖြစ်ပြီး၊ နောက်ထပ် ဤရာထူးကို ရရှိသူမှာ တောင်ကိုရီးယားနိုင်ငံမှ လက်ရှိအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ဖြစ်သည်။

ဦးသန့်ကို မြန်မာနိုင်ငံ ဧရာဝတီတိုင်း ပန်းတနော်မြို့တွင် ၁၉ဝ၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က မွေးဖွားခဲ့ပြီး၊ အဆုတ် ကင်ဆာရောဂါဖြင့် ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က ကွယ်လွန်ခဲ့သည်။

အတွင်းရေးမှူးချုပ်အဖြစ် သူ၏ ရာထူးသက်တမ်းအတွင်း ဦးသန့်သည် ဖြစ်ပွားလာဖွယ်ရှိသော စစ်ပွဲများကို စေ့စပ်ဖြန်ဖြေ၍ အောင်မြင်စွာ တားဆီးပေးနိုင်ခဲ့သည်။ ထိုသို့ မတားဆီးနိုင်ခဲ့ပါက ၁၉၆၂ ခုနှစ် ယီမင်နိုင်ငံ၊ ၁၉၆၈ ဘာရိန်းနိုင်ငံတို့တွင် ပိုမိုကျယ်ပြန့်သော ဒေသဆိုင်ရာ ပဋိပက္ခများအထိ ဖြစ်ပွါးလာခဲ့မည် ဖြစ်သည်။

ကုလသမဂ္ဂ စာတိုက်ဌာန၏ အဆိုအရ နိုင်ငံလဲမဟုတ်၊ ပိုင်နက်နယ်မြေတခုလဲ မဟုတ်ဘဲ တံဆိပ်ခေါင်း ထုတ်ဝေခွင့်ရသည့် အဖွဲ့အစည်းမှာ ကမ္ဘာပေါ်တွင် ကုလသမဂ္ဂအဖွဲ့ တခုထဲသာရှိသည်ဟု ဆိုသည်။

အလားတူပင် ကုလစာတိုက်ဌာနသည် အမေရိကန်ဒေါ်လာ၊ ဆွစ်ဖရန့် နှင့် ယူရို ငွေကြေး ၃ မျိုးဖြင့် တံဆိပ်ခေါင်းများ ထုတ်ဝေသည့် တခုတည်းသော စာပို့တိုက် အာဏာပိုင်အဖွဲ့လည်း ဖြစ်သည်။

No comments: