ကြိုတင်စီမံကိန်းဆိုတာ လက်ထပ်ခြင်းဘ၀မှာ အလွန်အရေးပါပါတယ်။ တကယ်လို့ အရေးပါတဲ့စီမံကိန်း တွေကို သင်မချထားဘူးဆိုရင် အဆင်ပြေတဲ့အိမ်ထောင်ရေးဘ၀ခရီးကို ရရှိနိုင်မှာမဟုတ်ပါဘူး။ သာယူပျော်ရွှင်ပြီး အဆင်ပြေတဲ့ အိမ်ထောင်ရေးဘ၀ခရီးဆိုတာ လူတစ်ယောက်ရဲ့ဘ၀မှာ အရေးတကြီးလိုအပ်ပါတယ်။ သာယာ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးဘ၀ဟာ လူတစ်ယောက်ရဲ့ ဘ၀တိုးတက်မှု၊ လုပ်ငန်းခွင်အရည်အသွေး၊ ပျော်ရွှင်သော လူသားဘ၀ စတာတွေကို အများကြီးတိုးမြှင့်ပေးနိုင်တယ်ဆိုတာ ယုံကြည်စေချင်ပါတယ်။ ဒါကြောင့် အိမ်ထောင်ရေး စီမံကိန်း(၈)ချက်ကို တင်ပြလိုက်ပါတယ်။ (ဗဟုသုတ တိုးအောင် ပြန်ဝေလိုက်ပါတယ်)
၁) ဘယ်လိုလူကိုယူမှာလဲ
ဒီမေးခွန်းအတွက် “ဘယ်လိုလူကိုယူမလဲ” ဆိုတဲ့ သတ်မှတ်ချက်ကို ဘယ်သိပ္ပံပညာရှင်ကမှ သက်သေ မထုတ်ထားပါဘူး။ တကယ်တော့ ဒါဟာ မိမိကိုယ်တိုင်နဲ့ပဲဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ မိမိကိုယ်တိုင်နဲ့ပဲ ဆိုင်တယ် ဆိုတော့ နှလုံးသားနဲ့ဆိုင်တယ်လို့ တချို့ကပြောမယ်။ ဦးနှောက်နဲ့ဆိုင်တယ်လို့ တချို့ကပြောမယ်။ နှလုံးသားနဲ့ ဆိုင်တယ်လို့ ပြောတဲ့သူက အချစ်ကိုကိုးကွယ်သူဖြစ်မယ်။ ဦးနှောက်နဲ့ဆိုင်တယ်လို့ ပြောတဲ့သူကတော့ အရာရာမှာ ဖြစ်သင့်တာကို ဦးစားပေးတဲ့သူပေါ့။
(က) နှလုံးသား
အချစ်က အရေးကြီးတယ်လို့ တချို့ကပြောကြပါတယ်။ သူစိမ်းနှစ်ယောက် တစ်သက်လုံးပေါင်း ဖက်ရမယ့် အရေးမှာ အချစ်မပါလို့တော့ အဓိပ္ပာယ်မရှိပါဘူးတဲ့။ ဘ၀တစ်လျှောက်လုံးမှာကြုံရမယ့် သူ့ရဲ့အမူအကျင့်တွေ၊ စိတ်သဘောထားတွေ၊ သူ့ရဲ့ကောင်းကျိုးဆိုးကျိုးတွေကို သည့်ခံနိုင်ဖို့ အချစ်ရဲ့စွမ်းအားလိုပါတယ်။ သူဘာလုပ်လုပ် ရင်ခုန်နေမယ်။ ကျေနပ်နေမယ်ဆိုတာမျိုးပေါ့။ ဒါတောင် ကတောက်ကဆလေးတွေက ဖြစ်ရအုံးမှာလေ။ ဒီတော့ နှလုံးသားနဲ့ရွေးမယ်ဆိုတာလည်း မှန်ပါတယ်။
(ခ) ဦးနှောက်
တစ်သက်လုံးပေါင်းသင်းရမယ့်သူကို ဦးနှောက်နဲ့ပဲရွေးသင့်တယ်လို့ တချို့ကပြောပါတယ်။ ဦးနှောက်နဲ့ဆို တော့ ဆင်ကန်းတောတိုးမဖြစ်တော့ပါဘူး။ မျက်ကန်းအချစ်နဲ့ သူဘာလုပ်လုပ် ဟုတ်တယ်ဆိုတာ ဖြစ်မနေတော့ ကိုယ့်ဘ၀လက်တွဲဖော်ရဲ့ တည်ရှိမှုကို တွေဝေမှုကင်းကင်းနဲ့ကြည့်နိုင်ပြီပေါ့။ သူဟာ အိမ်ထောင်တစ်ခုကို ဦးဆောင် နိုင်မယ့်သူလား။ သူဟာ စိတ်သဘောကောင်းသူလား။ သူဟာ ကိုယ်အားကိုးရမယ့်သူလား။ တွက်ချက်တက်တဲ့သူ တွေကတော့ ဦးနှောက်နဲ့ ရွေးမယ်ထင်တယ်။ ဒီတော့ ဦးနှောက်နဲ့ရွေးမယ်ဆိုတာလည်း မှန်ပါတယ်။
၂) တောင်းရမ်းလက်ထပ်ယူမှာလား
ဒီမေးခွန်းကိုမေးလိုက်လို့ အံ့အားမသင့်သွားပါနဲ့။ ဘ၀ခရီးကို အတူလျှောက်ဖို့ဘယ်လိုယူမှာလဲဆိုတာက အရေးကြီးတယ်။
(က) မင်္ဂလာဆောင်မှာလား
နှစ်ဖက်မိဘသဘောတူပြီး မင်္ဂလာဆောင်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ အားလုံးပျော်ရွှင်ကြရတယ်။ မင်္ဂလာလည်းရှိတယ်။ လက်ထပ်ပွဲဆိုတာ ချစ်သူတိုင်းဘ၀မှာ မျှော်လင့်ကြတဲ့ လူတိုင်းကျင်းပချင်တဲ့ပွဲလဲဖြစ်တယ်။ ဒီတော့ မင်္ဂလာဆောင်တာလည်း ကောင်းပါတယ်။
(ခ) ခိုးပြေးမှာလား
တချို့ကျတော့ နှစ်ဖက်မိဘသဘောမတူတာမျိုးတွေရှိတယ်လေ။ ချစ်သူနှစ်ဦးကလည်း သိပ်ချစ်နေကြပြီ။ မခွဲနိုင်တော့ဘူး။ ဒါဆိုရင်တော့ စိတ်လှုပ်ရှားဖွယ် စွန့်စားခန်းတွေနဲ့ ပြည့်နှက်နေတဲ့ပုံပြင်လေး တစ်ပုဒ်ပေါ့။ ခိုးပြေး တာရှက်စရာလားဆိုတော့။ ဟင့်အင်း။ ချစ်လို့ခိုးတာလေ။ ချစ်လို့ခိုးရာလိုက်တာလေ။ ဒီတော့ ခိုးပြေးတာလည်း မှန်ပါတယ်။
၃) ဘယ်လိုမင်္ဂလာဆောင်မှာလဲ
ဒါကတော့ ကိုယ့်ရဲ့ရွေးခြယ်မှုပေါ့နော်။ ဒီကိစ္စကတော့ ငွေကြေးနဲ့လည်းမဆိုင်ပြန်ဘူး။
(က) ဟိုတယ်မှာဆောင်မယ်
တချို့က နာမည်အကြီးဆုံးဟိုတယ်မှာ ဆောင်တယ်။ ငွေတွေအများကြီးသုံးတယ်။ မင်္ဂလာသတို့သား သတို့သမီးဝတ်စုံတွေကလည်း ဖိတ်ဖိတ်တောက်။ တကယ်ကိုခမ်းနားတဲ့ပွဲ။ ဂုဏ်သရေရှိလူကြီးမင်းတွေက မင်္ဂလာ ပန်းကုံးတွေစွပ်၊ မင်္ဂလာလက်စွပ်တွေလဲ ဂုဏ်သရေမြင့်မားတဲ့ ခြိမ့်ခြိမ့်သဲသဲမင်္ဂလာပွဲ။ ကောင်းပါတယ်။
(ခ) မင်္ဂလာဆွမ်းကျွေးမယ်
တချို့က ဘုန်းကြီးဆွမ်းကပ်ပြီး မင်္ဂလာဆွမ်းကျွေးတယ်။ တချို့က အိမ်မှာကျွေးတယ်။ တချို့ကဘုန်းကြီး ကျောင်းမှာကျွေးတယ်။ မြန်မာပီပီသသ၊ တည်တည်ငြိမ်ငြိမ်နဲ့ ဧည့်ပရိတ်သတ်တွေကို မင်္ဂလာမောင်မယ်က လိုက်လံ နှုတ်ဆက်ကြတယ်။ ကောင်းပါတယ်။
(ဂ) ရုံးတက်လက်မှတ်ထိုးမယ်
ဒါလည်း တရားဝင်ပါတယ်။ မြန်မာစကားပုံမှာ “ပုဆိုးတန်းတင် အကြင်လင်မယား” ဆိုတာရှိတယ်လေ။ တချို့က ရုံးမှာလက်မှတ်ရေထိုးရုံပဲလုပ်ကြတယ်။ အကျဉ်းချုံ့ကြတယ်။ မင်္ဂလာပွဲမှာသုံးမယ့်ငွေကို လှူမယ်ဆိုတဲ့ စုံတွဲတွေလည်းရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးကောင်းပါတယ်။ နှစ်ဦးသားပေါင်းဖက်မယ့်ခရီးကို အတူစလိုက် ဖို့က အရေးကြီးတာမို့ ခရီးကို ဘယ်လိုစစ အရေးမကြီးပါဘူး။ တွဲဖက်လျှောက်လှမ်းဖို့သာ အရေးကြီးတာပါ။
၎) ဘယ်မှာနေမှာလဲ
လက်ထပ်ပြီးတာနဲ့ ချက်ခြင်းတွေ့ရမယ့်အချက်ဖြစ်ပါတယ်။ တချို့ကလည်း ကြိုတင်စီမံထားကြပါတယ်။ တချို့ကလည်း လက်ထပ်ပြီးမှ စဉ်းစားခဲ့ပါတယ်။
(က) ကိုယ်ပိုင်အိမ်ဝယ်ထားတယ်
ငွေကြေးတောင့်တင်းတဲ့သူတွေကတော့ လက်ထပ်ပြီးရင်နေမယ့်အိမ်ကို ကြိုတင်ဝယ်ထားကြပါတယ်။ အိမ် ထောင်ပရိဘောဂတွေလည်း ထည့်ထားပါတယ်။ နှစ်ဦးသားလွတ်လပ်စွာ သီးသန့်နေနိုင်တဲ့နည်းဖြစ်ပါတယ်။ တာဝန် လည်းကြီးပါတယ်။ ဒီအိမ်ရဲ့ခေါင်းဆောင်ဟာ သူနဲ့သူမနှစ်ယောက်ထဲ့ပါပဲ။
(ခ) အိမ်ငှားနေမယ်
ကိုယ်ပိုင်အိမ်မ၀ယ်နိုင်ပေမယ့် သီးသန့်နေလိုတဲ့ သူတွေအတွက် ဒုတိယနည်းဖြစ်ပါတယ်။ ကိုယ်ငှားထားတဲ့ အိမ်လေးကို ကိုယ့်ရဲ့ကိုယ်ပိုင်အိမ်လိုသဘောထားပြီး လွတ်လပ်စွာ သီးသန့်နေနိုင်ပါတယ်။
(ဂ) ယောက္ခမနဲ့အတူနေမယ်
တချို့မိဘတွေကကျတော့ သားသမီးအတွက် အိမ်ထောင်ပြုပြီးသွားပေမယ့် ကိုယ့်ဆီကနေ ခွဲထွက်မသွား စေချင်ပါဘူး။ တချို့သားသမီးတွေကလည်း မိဘနဲ့မခွဲချင်ပါဘူး။ ဒီမှာ မိဘနဲ့တွဲနေတဲ့ ဇာတ်လမ်းတွေ ဖြစ်လာ ပါတယ်။
၅) ကလေးယူမှာလား
အရေးကြီးတဲ့မေးခွန်းပါ။ ဒီဘက်ခေတ်မှာ ပိုအရေးကြီးပါတယ်။ Compition တွေ အရမ်းများတဲ့ခေတ် ဖြစ်လာတော့ ကလေးယူဖို့ဆိုတာ ပေါ့ပေါ့လေးတွေးလို့မရတော့တဲ့ခေတ် ဖြစ်လာပါပြီ။
(က) မျိုးဆက်ရှိဖို့လိုတယ်
တချို့ကတော့ ကလေးရမှကိုဖြစ်မယ်။ မျိုးဆက်ရှိမှဖြစ်မယ်ဆိုတဲ့စိတ်နဲ့ ကလေးယူကြပါတယ်။ ယူရင်လည်း တချို့ဆိုသုံးယောက်လောက်ယူမယ်ဆိုတာမျိုး၊ လေးယောက်ယူမယ်ဆိုတာမျိုးရှိကြသလို တချို့ကျတော့လည်း နိုင်နိုင်နင်းနင်း တစ်ယောက်လောက်ပဲယူကြပါတယ်။ လိုချင်ပေမယ့်လည်း မရတဲ့သူတွေကိုတော့ ချွင်းချက်ပဲထား ခဲ့ပါမယ်။
(ခ) ဆွေမျိုးရှိဖို့မလိုဘူး
တချို့စုံတွဲတွေကျတော့လည်း လွတ်လွတ်လပ်လပ်နေချင်လို့ဆိုပြီး ကလေးမယူကြပါဘူး။ ကလေးမချစ် တက်လို့၊ ဘ၀ရည်မှန်းချက်တွေမပြည့်စုံသေးလို့ ဆိုတာမျိုးတွေလည်းရှိပါတယ်။
(ဂ) လိုချင်တိုင်းလည်းမရဘူး
ကလေးသိပ်မလိုချင်သေးလို့သန္ဒေတားဆေးတွေနဲ့ တားထားရတဲ့သူတွေရှိသလို၊ လိုချင်ပါလျက်နဲ့ မရတဲ့သူ တွေလည်းရှိပါတယ်။ ဒီခေတ်မှာတော့ ကလေးရအောင် နည်းမျိုးစုံနဲ့ ကုထုံးကုနေကြတာတွေလည်းရှိပါတယ်။
၆) စီးပွားရေးရော ဘယ်လိုလဲ
အလိုအပ်ဆုံးနဲ့အခြေခံအကျဆုံးတွေးရမယ့် အချက်ဖြစ်ပါတယ်။ မင်္ဂလာဆောင်တဲ့ကိစ္စမှာတင်မက အခြား အခြားသောကိစ္စများအတွက်ပါ ငွေဟာအရေးကြီးတယ်မဟုတ်လား။ စီးပွားရေးကိစ္စလေးကိုတော့ ခေါင်းထဲထည့် ထားဖို့လိုပါတယ်။
(က) ပိုက်ဆံရှိမှယူမယ်
တချို့က ပိုက်ဆံရှိတဲ့သူကိုပဲယူပါတယ်။ ကိုယ်ဟာ အလုပ်လုပ်နေတဲ့သူဖြစ်ချင်တောင် သူ့ကိုပိုပြီး အားကိုး ချင်တာပေါ့နော်။ ပိုက်ဆံရှိမှပျော်ရွှင်မှုကို ဖန်တီးရမှာမို့ တောင့်တင်းတဲ့စီးပွားရေးရှိဖို့ အရေးပေးကြပါတယ်။
(ခ) ပိုက်ဆံအရေးမကြီးပါဘူး
တချို့ ကိုယ်ချစ်တဲ့သူကိုပဲ ယူတဲ့သူတွေကျတော့ ပိုက်ဆံကအရေးမကြီးပါဘူးတဲ့။ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ၊ နေရပေါ့နော်။ အတူလက်တွဲပြီးရုန်းကန်ကြမယ်ပေါ့။ အဓိကက ချစ်ဖို့၊ သစ္စာရှိဖို့၊ ပျော်ရွှင်ဖို့လို့ ဆိုပါတယ်။
၇) ယောက္ခမကိုချစ်မှာလား
ကိုယ်ရဲ့ဘ၀ထဲကို နောက်ထပ်လူတစ်ယောက်ထည့်လိုက်ပြီဆိုတာနဲ့ သူနဲ့အတူ သူ့ရဲ့မိဘဆွေမျိုးတွေပါ တွဲပါလာစမြဲပါ။ ဒီလူတွေကို ကိုယ့်ရဲ့ဆွေမျိုးမိဘလိုချစ်နိုင်ပါ့မလား။ အထူးသဖြင့် ယောက္ခမကို မိဘလိုချစ်နိုင်ပါ့ မလားဆိုတာ အရေးကြီးဆုံးပါပဲ။
(က) မိဘလိုဆက်ဆံပါတယ်
တချို့ကျတော့ မိဘလိုပဲဆက်ဆံပါတယ်တဲ့။ ကိုယ့်မှာ အဖေတစ်ယောက် အမေတစ်ယောက်ထပ်ရသလို ဆက်ဆံပါတယ်။ ကိုယ်က သူ့သား၊ သမီးကိုယူထားခြင်းဟာ လုယူလိုက်တာမဟုတ်ဘဲ ကိုယ်ကပါသူ့သား၊ သမီး အဖြစ်ခံယူလိုက်တာ ဖြစ်ကြောင်း ပြသဖို့လိုပါတယ်။ ဒါဆို တစ်သက်လုံးအဆင်ပြေမှာပါ။
(ခ) သားသမီးလိုချစ်မှာလား
“သားမက်ဆိုတော့သားပါပဲ”။ “ချွေးမဆိုတော့သမီးပဲပေါ့”လို့ ပြောကြပါတယ်။ ရင်ထဲကတကယ်လာတဲ့ စကားဖြစ်ဖို့လိုပါတယ်။ တစ်ဖက်က ကိုယ့်ကို မိဘလိုသဘောထားနေပေမယ့် ကိုယ်က တကယ်စစ်မှန်တဲ့ မေတ္တာ ပေးဖို့လိုပါတယ်။ ကိုယ်က တကယ်စစ်မှန်တဲ့ မေတ္တာပေးဖို့လိုပါတယ်။ ကိုယ်သား၊ သမီးကိုပေးလိုက်ရတယ်လို့ သဘောမထားဘဲ သား၊ သမီးထပ်ရတယ်လို့ သဘောထားလိုက်ရင် အိုကေမှာပါ။
၈) စိတ်ပြောင်းသွားရင် ဘယ်လိုလုပ်မလဲ
အကျယ်တ၀င့်ဆွေးနွေးရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒါပေမယ့် အကျဉ်းပဲဆွေးနွေးလိုပါတယ်။ ကိုယ့်ကို Cheated အလုပ်ခံရရင် ဘယ်လိုလုပ်မလဲဆိုတဲ့မေးခွန်းဟာ မင်္ဂလာမရှိပေမယ့် နမိတ်မကောင်းပေမယ့် စဉ်းစားထား ရမယ့်အချက်ထဲမှာလဲ ပါပါတယ်။
(က) သူ့ဖုန်းထဲက မိန်းမသံ
ကိုယ့်ခင်ပွန်းရဲ့ ဖုန်းမြည်လာလို့ (ခင်ပွန်းက ရေချိုးခန်းထဲဝင်နေလို့) ကောက်ကိုင်လိုက်တယ်။ မိန်းမသံ ထွက်လာတယ်။ မရိုးသားတဲ့မိန်းမသံ။ ဒါဆိုရင် သင်ဘာလုပ်မလဲ။ ခင်ပွန်းကိုဖွင့်ပြောမလား။ မသိချင်ယောင်ဆောင် နေမလား။
(ခ) လှေကားသုံးထစ်ဆင်းရင် လူပျိုဖြစ်တယ်
စကားပုံကိုက ယောက်ျားတွေအကြိုက် တွေ့စေမယ့်စကားပုံပါ။ ဒါပေမယ့် မိန်းကလေးတွေဘက်ကလည်း ပြန်ပြောပါတယ်။ “သူတို့ကမှ သုံးထစ်ဆင်းနေရသေးတယ်”တဲ့ ထားပါတော့။ အဲဒီလိုလှေကားသုံးထစ်ဆင်းတာနဲ့ လူပျိုပဲလို့ဆိုတဲ့ စိတ်မျိုးရှိနေပါသလား။ လက်ထပ်ပြီးသားလူတစ်ယောက်ရဲ့ စိတ်ထားဟာ ဒီလိုဖြစ်နေပြီဆိုရင်. . . . ဘာပဲဖြစ်ဖြစ် အချိန်တန်ရင်တော့ အိမ်ပြန်လာပါနော်. . . .။
No comments:
Post a Comment